ရခိုင်ပြည်ရှိ မွတ်ဆလင်ကျေးရွာကို လေကြောင်းက ဗုံးကြဲ၊ ဒေသခံ ၂၃ ဦးသေဆုံး
********
(ဤသတင်းဖော်ပြမှုတွင် စိတ်မချမ်းမြေ့ဖွယ်ရာ အကြောင်းအရာများနှင့် ပုံရိပ်များပါဝင်သည်)
မတ် ၁၈ ၂၀၂၄၊ သံလွင်ခက်။
မတ်လ ၁၈ ရက် နံနက်အစောပိုင်း ၁ နာရီခွဲအချိန်ခန့်တွင် စစ်ကောင်စီက ရခိုင်ပြည်၊ မင်းပြားမြို့နယ်၊ သာဒေကျေးရွာသို့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ ဒေသခံ ၂၃ ဦးသေဆုံးခဲ့ရသည်။
အဆိုပါ သာဒေကျေးရွာသည် မွတ်ဆလင်အများစုနေထိုင်ရာ ကျေးရွာဖြစ်ပြီး လက်ရှိအချိန် ရခိုင်ဒေသတိုက်ပွဲများကြောင့် ဆင်ကြီးပြင်ကျေးရွာမှ ဒေသခံများပါ စစ်ဘေးရှောင်နေရသော ကျေးရွာဖြစ်သည်။
စစ်ကောင်စီသည် သာဒေကျေးရွာသို့ ဂျက်လေယာဉ်ဖြင့် ဗုံးကြဲခြင်း၊ စက်သေနတ်ဖြင့် ဆက်တိုက်ပစ်ခတ်ခြင်းများ ပြုလုပ်ခဲ့သောကြောင့် ကျေးရွာအတွင်းရှိ ဒေသခံ ၂၁ ဦးသေဆုံးခဲ့ရဿည့်အပြင် ၃၃ ဦးမှာ ပြင်းထန်ဒဏ်ရာများ ရရှိခဲ့သည်ဟု ဒေသခံများကို ပြောသည်။
“မနက်အစောကြီးမှ လာပစ်တော့ ဘယ်သူ့မှ သေချာမရှောင်နိုင်၊ မပြေးနိုင်လိုက်ဘူး။ အပစ်ခံရတုန်းက ၂၀ ဦးသေတယ်။ ခုမနက် ၉ နာရီလောက်မှ တစ်ယောက်ထပ်သေတယ်” ဟု အခင်းဖြစ်ပွားနေရာတွင် ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသည့် ဒေသခံတစ်ဦးဖြစ်သူ ကိုကံထွန်းက ပြောသည်။
စာရင်းဖော်ပြမှုတွင် အသက် ၆၀ နှစ်အရွယ် ဘာသာရေးဆရာ ဦးဟာဆာနလီနှင့် ဇနီးသည်အပါအဝင် ကလေးငယ် ၂ ဦးထိခိုက် သေဆုံးခဲ့ရသည်။
သံလွင်ခက်မှ ရရှိထားသော ဓါတ်ပုံများတွင် သေဆုံးနေသော လသားအရွယ်ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများ၊ ခန္ဓာကိုယ်အစိတ်အပိုင်းများ၊ မျက်နှာများပွင့်ထွက်နေသော မြင်ကွင်းများ၊ အိပ်မောကျနေချိန်တွင် ပစ်ခတ်ခံရသဖြင့် အိပ်ယာထဲတွင်သေဆုံးနေသော ဒေသခံများနှင့် ပြိုပျက်နေသော နေအိမ်များတို့ပါဝင်သည်။
ရခိုင်ပြည်တိုက်ပွဲများသည့် ၄ လကျော် ကြာမြင့်လာပြီဖြစ်ပြီး ရက္ခိုင့်တပ်တော်(AA)သည် မင်းပြား၊ ပေါက်တော၊ မြေပုံ၊ ရမ်းဗြဲ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးနှင့် ချင်းပြည်နယ်အတွင်းမှ ပလက်ဝမြို့နယ်တို့ကို သိမ်းပိုက်နိုင်ခဲ့ပြီးနောက် စစ်ကောင်စီသည့် နေ့စဉ်နှင့်အမျှ လေကြောင်းတိုက်ခိုက်မှုများကို လုပ်ဆောင်လျှက်ရှိသည်။
ပုံစာ – စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲမှုကြောင့် သေဆုံး၊ ဒဏ်ရာရရှိသွားသည့် သာဒေကျေးရွာမှ ဒေသခံများ။
ဓာတ်ပုံ – APM
မှတ်ချက်။ ။ ထိခိုက်သေဆုံးခဲ့ရသည့် မြင်ကွင်းများကို သံလွင်ခက်၏ တယ်လီဂရမ်ချယ်နယ်တွင်သာ ဖော်ပြထားပါသည်။ စိတ်မချမ်းမြေ့ဖွယ်ရာ ဓါတ်ပုံများ ဖြစ်ပါသည်။
************
Telegram– > https://t.me/newstlk/3816
YouTube – > https://youtu.be/6X9AvN2FnIw?si=BGNM7eyxs7ZtJG7d
Website – > https://thanlwinkhet.net/?p=8452