အပစ်ရပ် ၇ ဖွဲ့က ကိုယ်ပိုင်အုပ်ချုပ်ရေးစနစ် စတင်သွားမည်ဆိုသော ပြောဆိုချက် ယုတ္တိမတန်ဟု လေ့လာသူများတုံ့ပြန်
***************
သံလွင်ခက်
မတ် ၁၈၊ ၂၀၂၄။
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် – NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့က ကိုယ်ပိုင်အုပ်ချုပ်ရေးစနစ်စတင်သွားမည် ပြောဆိုချက်သည် ယုတ္တိမတန်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူများက ထောက်ပြကြသည်။
NCA ရေးထိုးထားသည့် EAOs ၇ ဖွဲ့သည် ထိုင်းနိုင်ငံ ၊ ချင်းမိုင်မြို့တွင် မတ်လ ၁၇ ရက်ကစပြီး မတ်လ ၁၉ ရက်အထိ ၃ ရက်ကြာ မျက်နှာစုံညီအစည်းအဝေး ကျင်းပသွားမည်ဖြစ်သည်။
EAOs ၇ ဖွဲ့သည် ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေဒေသအသီးသီးတွင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၏ အုပ်ချုပ်ရေးစနစ်နှင့် စတင်အုပ်ချုပ်သွားမည်ဖြစ်သည်ဟု သဘာပတိအဖြစ် ဆောင်ရွက်နေသော ဗိုလ်ချုပ်ကြီး ယွက်စစ်က အဖွင့်နှုတ်ခွန်းဆက်စကား၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့ထဲတွင် အချို့သောတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များသည် နယ်မြေစိုးမိုးထားခြင်းမရှိသည့်အတွက် ၎င်းတို့ပြောကြားချက်များကို မည်သို့အကောင်အထည်ဖော်မည်ကို စဉ်းစားမရဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က သံလွင်ခက်သတင်းဌာနကို ပြောသည်။
၎င်းက ” အဲဒီအဖွဲ့တွေကတော့ စစ်ကောင်စီရဲ့ NCA လုပ်ငန်းစဉ်တွေကို ဆက်လက်အကောင်အထည်ဖော်ဖို့ ကြိုးပမ်းနေကြတာပါ။ ဒီအကောင်အထည်ဖော်နေတဲ့အဖွဲ့အစည်းထဲမှာ ပြန်ကြည့်မယ်ဆိုရင် ဦးခွန်ဥက္ကာတို့ နောက်ပြီးတော့ စောမူတူးစေးဖိုး တို့ဆိုတာ တပ်လည်းမရှိ၊ နယ်မြေလည်းမရှိ။ အဲ့တော့ သူတို့ရဲ့ လုပ်ငန်းစဉ် ၇ ရပ် ဆိုတာကို ဘယ်နေရာမှာ ဘယ်လိုအကောင်အထည်ဖော်မယ်ဆိုတာကို ကျွန်တော်တော့ စဉ်းစားမရဘူး။ စစ်ကောင်စီကို ဆက်လက်ထောက်ခံဖို့ ကြိုးစားနေတယ်လို့ပဲ မြင်ပါတယ် “ဟုဆိုသည်။
အစည်းအဝေးတွင် ပြင်ဆင်ရေးအလုပ်အဖွဲ့က ပြင်ဆင်ထားသည့် နိုင်ငံရေးဆိုင်ရာအဆိုပြုချက်များ (မူကြမ်း)နှင့် စုဖွဲ့မှုအသစ်၏ ဖွဲ့စည်းပုံစည်းမျဉ်း (မူကြမ်း)များကို ဆွေးနွေးပြီး အတည်ပြုနိုင်ရန်ဆောင်ရွက်မည်ဖြစ်ကာ အတည်ပြုနိုင်ပါက စုဖွဲ့မှုအသစ်ကို ဖွဲ့စည်းသွားမည်ဟု ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောသည်။
ထို့ပြင် လက်ရှိနိုင်ငံရေးအခြေအနေသုံးသပ်ခြင်းအပါအဝင် အခြားအရေးပါသည့်အကြောင်းအရာများကိုလည်း ဆွေးနွေးမည်ဖြစ်သည်ဟု ဗိုလ်ချုပ်ကြီးယွက်စစ်က ထပ်မံ ပြောဆိုထားသည်။
ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၏ အုပ်ချုပ်ရေးစနစ်နှင့် စတင်အုပ်ချုပ်သွားမည့်အပြင် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တဆင့်ပြီးတဆင့် တည်ဆောက်သွားရမည်ဖြစ်သည်ဟု ဗိုလ်ချုပ်ကြီး ယွက်စစ် က အဖွင့်နှုတ်ခွန်းဆက်စကားတွင် ပြောကြားထားသည်။
ယခုကဲ့သို့ ပြောဆိုမှုများသည် နိုင်ငံရေးအင်အားစုများကြား ရှုပ်ထွေးစေမည့် ပြောဆိုမှုဖြစ်သည်ဟု နိုင်ငံရေးလေ့လာသူများက ဆိုသည်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာစိုင်းကြည်ဇင်စိုးက ” ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတဲ့ ဒေသတစ်ခုကိုရချင်လို့၊ အခုလောလောဆယ် ရအောင်လို့ ကြိုးစားနေကြတဲ့ အစုအဖွဲ့တွေရှိတယ်။ ကြိုးစားမှု ပုံစံတွေ အမျိုးမျိုးရှိနေကြတဲ့အချိန်မှာ ဒီလိုတွေ့ဆုံဆွေးနွေးမှုနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရသွားမယ်ဆိုတဲ့ သဘောမျိုး သူပြောလိုက်သလိုဖြစ်သွားတော့ လက်ရှိ ရှိနေတဲ့ နိုင်ငံရေးအင်အားစုတွေကြားထဲမှာ တကယ်လို့ ရသွားတာ ပဲဖြစ်ဖြစ် ဒါမှမဟုတ် ဒီလိုပြောလိုက်ခြင်းကြောင့်ပဲဖြစ်ဖြစ် အင်မတန်မှ ပြသာနာကြီးသွားနိုင်တယ်လို့ မြင်တယ် ” ဟုဆိုသည်။
အဆိုပါအစည်းအဝေးကို NCA လက်မှတ်ရေးထိုးထားသည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ – RCSS ၊ မွန်ပြည်သစ်ပါတီ – MNSP၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ – ALP၊ ကရင်အမျိုးသားငြိမ်းချမ်းရေးကောင်စီ -KNU/KNLA – PC၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် – DKBA၊ ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် – PNLO၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး – LDU တို့တက်ရောက်ခဲ့ကြသည့်အပြင် ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးလည်း တက်ရောက်ခဲ့သည်။
************
Telegram– > https://t.me/newstlk/3815
YouTube – > https://youtu.be/6X9AvN2FnIw?si=BGNM7eyxs7ZtJG7d
Website – > https://thanlwinkhet.net/?p=8446