မြန်မာစစ်ရှောင်များအတွက် ထိုင်းကပေးမည့်အကူအညီများ စတင်တော့မည်
*********
သံလွင်ခက်
မတ် ၁၈၊ ၂၀၂၄။
မြန်မာစစ်ရှောင်များအားပေးအပ်မည့် ထိုင်းနိုင်ငံ၏ လူသားချင်းစာနာထောက် ထားမှုဆိုင်ရာ အကူအညီများပေးအပ်ရေးပထမဆုံးယာဥ်တန်းသည် လာမည့် မတ်လ ၂၅ ရက်တွင် ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်ရှိ ထိုင်း – မြန်မာ ချစ်ကြည်ရေးတံတားအမှတ် ၂ ကတဆင့် မြန်မာနိုင်ငံကို ဝင်ရောက်မည်ဟု Bangkok Post ဖော်ပြချက်အရသိရသည်။
မြန်မာနိုင်ငံတွင်းရှိ စစ်ဘေးရှောင်ရွှေ့ပြောင်းဒုက္ခသည်များအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးအပ်ခြင်းကို လာမည့်မတ်လပထမပတ်တွင်စတင်နိုင်ရန် မျှော်လင့်ထားသည်ဟု ပြီးခဲ့သော ဖေဖော်ဝါရီလနှောင်းပိုင်းတွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပန်ပရီ ဘာဟစ်ဒ် ဒါ-နျူကာရာ ကပြောဆိုထားပြီး မြဝတီ – မဲ ဆောက်နယ်စပ်ဖြစ်သည့် တာ့ခ်ခရိုင်ကိုအသုံးပြုကာ အကူအညီများ ပေးအပ်သွားမည်ဟုလည်း ၎င်းကဆိုသည်။
မြန်မာစစ်ဘေးရှောင်များအတွက် အကူအညီများပေးအပ်ရာတွင် ကနဦး၌ အစားအသောက်နှင့် ဆေးဝါးပစ္စည်းများ ပါဝင်မည်ဖြစ်ပြီး ထိုင်းနှင့် မြန်မာနိုင်ငံရှိ ကြက်ခြေနီအသင်းများကကြီးကြပ်သွားမည်ဟု ၎င်းကပြောသည်။
မြန်မာစစ်ဘေးရှောင်များအတွက် အကူအညီများပေးအပ်ရာတွင် တာဝန်ခံမှုနှင့် ပွင့်လင်းမြင်သာမှုများအပေါ် စိုးရိမ်မိသည်ဟုလည်း ပန်ပရီ ကဝန်ခံထားပြီး အကူအညီများပေးအပ်ရန်သတ်မှတ်ထားသည့် မြန်မာပြည်သူလူထုထံ အမှန်တကယ်အကူအညီများရောက်၊ မရောက်ကိုလည်း အာဆီယံအကူအညီပေးရေးစင်တာ – AHA ကစောင့် ကြည့်နေမည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးကပြောသည်။
မြန်မာနိုင်ငံရှိစစ်ဘေးရှောင်များအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများပေးအပ်ခြင်းသည် ထိုင်းနိုင်ငံတစ်နိုင်ငံတည်း၏ကြိုးပမ်းမှုမဟုတ်ဘဲ ပြီးခဲ့သည့်ဇန်နဝါရီလက လာအိုနိုင်ငံတွင်ကျင်းပခဲ့သည့် အာဆီယံထိပ်သီးအစည်းအဝေးတွင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအားလုံးက အပြည့်အဝထောက်ခံခဲ့ခြင်းလည်းဖြစ်သည်ဟု သူကဆိုသည်။
ထိုင်းနိုင်ငံကပေးအပ်မည့် မြန်မာစစ်ဘေးရှောင်များအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီ များကို အမေရိကန်၊ အီးယူ (ဥရောပသမဂ္ဂ)နှင့် တရုတ်နိုင်ငံတို့ကပါထောက်ခံသည်ဟု ၎င်းကပြောသည်။
“အရေးအကြီးဆုံးကတော့ ကျွန်တော်တို့ပေးတဲ့အကူအညီတွေက ကျွန်တော်တို့ရည်ရွယ်ထားတဲ့လူအုပ်စုတွေဆီ ရောက်သွားနိုင်ဖို့ပါပဲ” ဟု ၎င်းကဆိုသည်။
မြန်မာစစ်ဘေးရှောင်များအတွက်ပေးအပ်မည့် ထိုင်းနိုင်ငံ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများ သက်ဆိုင်ရာလူအုပ်စုများထံမရောက် လာမည်ကိုလည်း မြန်မာပြည်သူများက စိုးရိမ်နေကြသည်။
Ref: Bangkok Post, Thai PBS World
ဓာတ်ပုံ – သံလွင်ခက်
ပုံစာ – ၂၀၂၂ ခုနှစ် မတ်လ ၂၆ ရက်တွင်မြင်တွေ့ရသည့် သောင်ရင်းမြစ်ကမ်းဘေးရှိ မြန်မာစစ်ရှောင်များ။
************
Telegram– > https://t.me/newstlk/3814
YouTube – > https://youtu.be/6X9AvN2FnIw?si=BGNM7eyxs7ZtJG7d
Website – > https://thanlwinkhet.net/?p=8439