စစ်မှုမထမ်းလိုသူများထံမှ ငွေညှစ်နေသူများကို အရေးယူသွားမည်ဟု မန္တလေး UG များသတိပေး
********************
ယမင်းဖူးပွင့်အောင်
မတ် ၁၈၊ ၂၀၂၄။
မန္တလေးမြို့ပေါ်တွင် စစ်မှုမထမ်းလိုသူများထံမှ အခွင့်ကောင်းယူ ငွေညှစ်တောင်းခံနေသော စစ်ကောင်စီထောက်တိုင်များကို ပြင်းပြင်းထန်ထန်အရေးယူသွားမည်သု မန္တလေးမြို့ပြပြောက်ကျားအဖွဲ့ ၁၂ဖွဲ့ က ထုတ်ပြန်ထားသည်။
မြို့နယ် ၇မြို့နယ်မှ လူဝင်မှုကြီးကြပ်ရေး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ဆယ်အိမ်မှုး၊ ရာအိမ်မှုးများကို မျက်ခြေမပြတ်စောင့်ကြည့်ထားပြီး အမည်၊ လိပ်စာနှင့် မိသားစုစာရင်းများပါ ရရှိထားပြီးဖြစ်သည်ဟု ဆိုသည်။
ပြည်သူများထံမှ ငွေကြေးတောင်းခံမှုများဆက်တိုက်ပြုလုပ်နေသည်ကို ကြားသိရပြီး တိုင်ကြားလာပါက အရေးယူသွားမည်ဟု No More Dictatorship-NMDအဖွဲ့ တာဝန်ခံ ကိုချာလီက သံလွင်ခက်ကိုပြောသည်။
“အခုဆို စစ်မှုထမ်းဥပဒေထုတ်လိုက်တော့ လွတ်အောင် သိန်းငါးဆယ်နဲ့ ညှိယူတာတွေရှိတယ် သတိပေးတာတောင် လွန်နေပြီ ပိုဆိုးလာရင် ပြတ်ပြတ်သားသားလုပ်ဆောင်သွားမှာပါ”ဟု ဆိုသည်။
ယခုရက်ပိုင်းအတွင်း မန္တလေးမြို့ပေါ်ရပ်ကွက် ၇ခုအပြင် တိုင်းအတွင်းရှိ ရွာများတွင်လည်း စာရင်းကောက်ခံနေပြီး မတ်လ ၂၇ရက်မှစတင်ကာ လူစခေါ်မည်ဖြစ်သည်ဟု ဒေသခံများထံက သိရသည်။
အသက် ၁၈နှစ်ပြည့်သူတိုင်း စစ်မှုထမ်းရမည့် ဥပဒေတစ်ရပ်ကို အာဏာသိမ်းစစ်ကောင်စီက ဖေဖော်ဝါရီ ၁၀ရက်တွင် အသက်သွင်းလိုက်သည်။
“မနေ့ညကဆို ဧည့်စာရင်းလာစစ်တယ် ဖုန်းတွေပါစစ်တယ် စစ်မှုထမ်းစာရင်းကောက်ဖို့ ရပ်ကွက်အစည်းအဝေးလုပ်မယ် လာကြဖို့ ပြောသွားတယ်”ဟု ပုသိမ်ကြီးမြို့နယ်အတွင်းနေထိုင်သူတစ်ဦးက ဆိုသည်။
အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် အခြေစိုက်ရာ မန္တလေးနန်းတွင်းအတွင်း အခြေခံစစ်သင်တန်းများ ပေးနေပြီး အပတ်စဉ်(၃)အထိ ရောက်နေပြီဖြစ်သည်ဟု စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ဖော်ပြထားသည်။
“ရပ်ကွက်လူကြီး နောက်လိုက်တွေ ရာအိမ်မှူးနောက်လိုက်တွေ ပျူတွေ ပေါ်တာအဖမ်းခံရသူတွေကို သင်တန်းပေးနေတာလို့ စုံစမ်းသိရတယ်”ဟု မြို့ပြပြောက်ကျားအဖွဲ့ဝင် ၁ ဦးက ပြောသည်။
သင်္ကြန်အပြီးတွင် စစ်မှုထမ်း အပတ်စဉ် ၁အဖြစ် အမျိုးသား ၅၀၀၀ကို ခေါ်ယူသွားမည်ဖြစ်ပြီး ၆လကြာမည့် အခြေခံစစ်သင်တန်းကို လာမည့် ဇွန်လအတွင်း စတင်သွားမည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်း စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်ရာတွင် ပါဝင် ဆောင်ရွက်နေသူများကို အရေးယူသွားမည်ဖြစ်သည်ဟု ကျိုက်ထိုတော်လှန်ရေး အင်အားစုက ယနေ့တွင် ထုတ်ပြန်လာသည်။
ရှမ်းပြည်နယ်တောင်ပိုင်းတွင်လည်း အကြမ်းဖက်စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကို အကောင်အထည် ဖော်နေသူများအား ထိရောက်စွာ အရေးယူသွားမည်ဖြစ်သည်ဟု တော်လှန်ရေးလူငယ်အင်အားစုများက ထုတ်ပြန်ထားသည်။
ပုံစာ-မန္တလေးတိုင်းအတွင်း စစ်သင်တန်းပေးနေသည့် မြင်ကွင်း။
Photo-Crd
************
Telegram– > https://t.me/newstlk/3811
YouTube – > https://youtu.be/6X9AvN2FnIw?si=BGNM7eyxs7ZtJG7d
Website – > https://thanlwinkhet.net/?p=8434