တပ်သားသစ်အပ်နှံရန် လုပ်ဆောင်နေသည့် အုပ်ချုပ်ရေးမှူးများကို ရေဘီလူးတပ်အရေးယူမည်
******************
(မွန်ပြည်နယ်အတွင်း လုံခြုံရေးအခက်အခဲရှိ လူငယ်များကို ခိုလှုံခွင့်ပေးမည်ဟု ဆို)
သဇင်
မတ် ၁၈ ၊ ၂၀၂၄ ။
မွန်ပြည်နယ်အတွင်း စစ်မှုထမ်းဥပဒေနှင့်ပတ်သက်ပြီး စစ်ကောင်စီဘက်ကတောင်းဆိုသည့်အတိုင်း ပြည်သူများကို တပ်သားအဖြစ်အပ်နှံပါက အုပ်ချုပ်ရေးမှူး ၁ ဦးချင်းစီတိုင်းကို အရေးဆောင်ရွက်သွားမည်ဟု ရေးဘီလူးအဖွဲ့က ယမန့်နေ့တွင် ထုတ်ပြန်ကြေညာသည်။
စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေဆင့်ခေါ်ရေး ဗဟိုအဖွဲ့၊ တိုင်းနှင့် ပြည်နယ်အဖွဲ့များ ဖွဲ့စည်းပြီးနောက် ၂၀၂၄ ခုနှစ် ဧပြီလ နှစ်ကူးရုံးပိတ်ရက်အပြီးတွင် ၁ နှစ်ကို လူ ၅၀,၀၀၀ ခန့်ခေါ်ယူသွားမည်ဟု စစ်ကောင်စီ လက်အောက်ခံမီဒီယာများကတစ်ဆင့် ဖေဖော်ဝါရီလ ၁၅ ရက်တွင် ကြေညာခဲ့သည်။
“စစ်မှုထမ်းဥပဒေ”ကို လက်တွေ့အကောင်အထည်ဖော်မည်ဟုဆိုထားပြီး ၎င်းတို့စိုးမိုးထားနိုင်သည့် တိုင်းနှင့် ပြည်နယ်များတွင် ယခုမတ်လအစပိုင်းကစတင်ပြီး သက်ဆိုင်ရာ ကျေးရွာ၊ ရပ်ကွက်၊ မြို့နယ် အုပ်ချုပ်ရေးမှူးများက တစ်ဆင့် တပ်သားသစ်ခေါ်ယူရန် စာရင်းများကောက်ယူနေပြီဖြစ်သည်။
ထိုသို့ စစ်ကောင်စီအတွက် တပ်သားသစ်အပ်နှံရန် လုပ်ဆောင်ပေးမည့် မွန်ပြည်နယ်အတွင်းရှိ ကျေးရွာ၊ မြို့နယ် ဥက္ကဋ္ဌ မည်သူ့ကိုမဆို အရေးယူဆောင်ရွက်သွားမည်ဟု ရေးဘီလူးအဖွဲ့က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
စစ်မှုထမ်းဥပဒေကိုဆန့်ကျင်လိုကြသည့် မွန်ပြည်နယ်ကလူငယ်များအပါအဝင် နိုင်ငံတစ်ဝန်းမှ လူငယ်အများ အပြားသည်လည်း မွန်ပြည်နယ်အခြေစိုက် ရေးဘီလူးအဖွဲ့အပါအဝင် တော်လှန်ရေးအဖွဲ့အစည်းများထံ ဆက်သွယ်ဝင်ရောက်လာနေကြသည်။
ယင်းအပြင် ရေးဘီလူးအဖွဲ့သည် မိမိတို့အဖွဲ့အတွင်းဝင်ရောက်လာသူများကို စနစ်တကျဆောင်ရွက်ပေးထားပြီး တပ်သားသစ်အဖြစ် ထပ်မံဝင်ရောက်လာမည့်သူများကိုလည်း သေချာစိစစ်ရွေးချယ်သွားမည်ဟု ရေးဘီလူးအဖွဲ့ ခေါင်းဆောင်က သံလွင်ခက်ကိုပြောသည်။
“သင်တန်းသားတွေ့နဲ့ပတ်သက်ပြီးတော့ ကျွန်တော့်တပ်အတွင်းမှာဆိုရင် လူဦးရေအကန့်အသတ်နဲ့ သွားနေတဲ့ပုံစံ မျိုးတွေရှိတော့ ကျွန်တော်တို့အကန့်အသတ်ထဲမှာ လူဦးရေကတော့ ပြည့်နေပြီ ။ ဒါပေမယ့် အကြောင်းအမျိုးမျိုး ကြောင့် ထပ်ပြီးဝင်လာသူတွေလည်းရှိတယ်။ နောက်ထပ်ပြီးလက်ခံထားမှာက မွန်ပြည်နယ်ထဲကပဲဖြစ်ဖို့ များ မယ်။ ကျိုက်ထိုကနေရေးအထိ မွန်ပြည်နယ်အတွင်းကသူတွေဆိုရင်တော့ လက်ခံပေးမယ်။ စစ်ဘက်မှာ စိတ်အား ထက်သန်တယ်ဆိုရင် သင်တန်းပေးပြီး စစ်ဘက်မှာတာဝန်ပေးထမ်းဆောင်တယ်။ ခိုလှုံတဲ့အပိုင်းတွေဆိုလည်း စနစ်တကျသေချာထားတယ်”ဟုဆိုသည်။
လက်ရှိတွင် ရေးဘီလူးအဖွဲ့အတွင်းဝင်ရောက်ပြီးသူ လူငယ်တပ်သားသစ်များ နေထိုင်ရေးအဆင်ပြေစေရန် အတွက် ပျဉ်ခင်း၊ ပျဉ်ကာ ၊ သွပ်အမိုးဖြင့် စနစ်တကျဆောက်လုပ်ထားကာ အမျိုးသမီးအဆောင်အပြင် နောက် ထပ်အဆောင်သစ်များလည်း ဆောက်လုပ်သွားမည် သူကဆက်ပြောသည်။
မွန်ပြည်နယ်အတွင်း တော်လှန်ရေးအဖွဲ့များအားလုံးက စစ်မှုထမ်းဥပဒေဆင့်ခေါ်သည့်ကိစ္စရပ်နှင့်ပတ်သက်ပြီး စစ်တပ်လက်အောက်ခံ အုပ်ချုပ်ရေးမှူး ၊ ဥက္ကဋ္ဌ စသည့် တာဝန်ရှိသူများကို အရေးယူဆောင်ရွက်သွားမည်ဟု ကြေညာထားပြီး မွန်ပြည်နယ် ၊ ကျိုက်ထိုအခြေစိုက် တော်လှန်ရေးအဖွဲ့တစ်ခုဖြစ်သည့် Kyaikhto Revolution Force – KRF ကလည်း စစ်မှုထမ်းဥပဒေကို စစ်တပ်ဘက်က ကိုယ်တိုင်ကိုယ်ကျပါဝင်သူ၊ ၊ပူးပေါင်းပါဝင်သူများကို စစ်ရေးပစ်မှတ်အဖြစ်သတ်မှတ်ပြီး ထိထိရောက်ရောက် အပြစ်ပေးအရေးယူသွားမည်ဟု သတိပေးကြေညာထားသည်။
ဓာတ်ပုံ – ရေးဘီလူး။
ပုံစာ – တပ်သားသစ်များနေထိုင်ရန်နှင့် ခိုလှုံပြည်သူများနေထိုင်ရန် ဆောက်လုပ်နေသည့် အဆောင်များ။
************
Telegram– > https://t.me/newstlk/3810
YouTube – > https://youtu.be/6X9AvN2FnIw?si=BGNM7eyxs7ZtJG7d
Website – > https://thanlwinkhet.net/?p=8426