ရခိုင်ပြည်ရှေ့ဟောင်း မြောက်ဦးမြို့ကို စစ်ကောင်စီ ဆက်တိုက် ဗုံးကြဲတိုက်ခိုက်
*****
မတ် ၁၇ ၊ ၂၀၂၄၊ သံလွင်ခက်။
ရခိုင်ပြည်၊ မြောက်ဦးမြို့ နန်းရာကုန်းတဝိုက်ကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ယနေ့နံနကိအစောပိုင်းတွင် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဒေသခံများထံက သိရသည်။
ယနေ့ မတ်လ ၁၇ ရက် ၊ နံနက် ၆း၅၀ နာရီအချိန်တွင် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး အရပ်သားထိခိုက်မှုရှိသည်ဟု ဒေသခံအမျိုးသားတစ်ဦးကပြောပြောသည်။
အဆိုပါ နံနက်အစောပိုင်း လေကြောင်းပစ်ခတ်မှုကြောင့် မြောက်ဦးမြို့ရှိ တောင်ရပ်ခွဆုံ၊ ဘားဘူတောင်အနီး၊ ကုန်သည်တန်း၊ နန်းရာကုန်းအနီး နေရာများသို့ ကျရောက်ထိမှန်မှုများရှိသည်ဟု ၎င်းက ပြောသည်။
” နန်းရာကုန်းပေါ်မှာ ရှေ့ဟောင်းယဥ်ကျေးမှုပြတိုက်ရှိတယ်။ တိုက်ပွဲဖြစ်တဲ့အချိန်မှာ စစ်ကောင်စီဘက်က လက်နက်ကြီး၊ လေယာဥ်တွေနဲ့ပစ်လို့ တော်တော်လေးပျက်စီးသွားတယ် ” ဟု ဒေသခံတစ်ဦးကပြောသည်။
ရခိုင်ရှေ့ဟောင်းမြို့ မြောက်ဦးမြို့ကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲ၊ ပစ်ခတ်တိုက်မှုများကိုအကြိမ်ကြိမ်ပြုလုပ်နေရာ အရပ်သား ထိခိုက်သေဆုံးမှု အကြာခဏကြုံနေကြရသည်ဟု ဒေသခံအဖွဲ့အစည်းအချို့မှ ပြောဆိုထားသည်။
ပြီးခဲ့သည့် နှစ်ရက်ခန့် မတ်လ ၁၅ ရက်တွင်လည်းမြောက်ဦးမြို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသမီးငယ်တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများထံက သိရသည်။
ထို့ပြင် ယမန်နေ့ မတ်လ ၁၆ ရက်တွင်လည်း မြောက်ဦးမြို့ကို စစ်ကောင်စီက လေကြောင်းမှလာရောက်တိုက်ခဲ့သည်ဟု ဒေသခံတစ်ဦးကပြောသည်။
“မြောက်ဦးမြို့ပေါ် ပတ်ပတ်လည်မှာကတော့ ယဥ်ကျေးမှုအမွေအနှစ်တွေ ရှေ့ဟောင်းဘုရားတွေနဲ့ပြည့်နေတာ။ အဲဒါကိုလည်း ဘယ်နေရာမှ မရှောင်ဘူး”ဟု ၎င်းကပြောသည်။
ရခိုင်ပြည်တွင် တပ်စခန်းများနှင့် မြို့များကို ဆုံးရှုံးထားရသည့် စစ်ကောင်စီသည် အရပ်သားပစ်မှတ်များကို ပိုမိုတိုက်ခိုက်နေရာ ပေါက်မြို့၊ ရမ်းဗြဲမြို့များမှာ ထိခိုက်ပျက်စီးမှုအများဆုံးဖြစ်ပြီး မြောက်ဦးအပါအဝင်အခြားမြို့များရှိ ဆေးရုံများနှင့် လူနေအိမ်၊ အဆောက်အဦးများစွာ ပျက်စီးနေသည်။
************
Telegram– > https://t.me/newstlk/3806
YouTube – > https://youtu.be/6X9AvN2FnIw?si=BGNM7eyxs7ZtJG7d
Website – > https://thanlwinkhet.net/?p=8411