ကရင်ပြည် ကျိုက်ဒုံဗျူဟာစခန်းသိမ်းမှုလက်နက်မျိုးစုံ ၉၀ ကျော်ရရှိ
**********************************
သံလွင်ခက်
မတ် ၁၇ ၊ ၂၀၂၄ ။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ(၆) ဦးဆောင်သောတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ စစ်ကောင်စီတပ် စကခ(၁၃)လက်အောက်ခံ ကျိုက်ဒုံဗျူဟာအား တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ လက်နက်မျိုးစုံ ၉၀ ကျော် သိမ်းဆည်းရရှိခဲ့သည်ဟု KNLA ဗဟိုက ယနေ့တွင်ထုတ်ပြန်သည်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ(၆) ဒူးပလာယာခရိုင် ၊ ကော့ကရိတ်မြို့နယ်၊ကျိုက်ဒုံတွင်လာရောက်အခြေပြုလျှက်ရှိသော စစ်ကောင်စီတပ် စကခ(၁၃) လက်အောက်ခံ ကျိုက်ဒုံဗျူဟာအား အချိန် ၁ လခွဲကျော်ကြာ ပိတ်ဆို့ပြီးနောက် ယခုမတ်လဒုတိယအပတ်အတွင်း သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
အဆိုပါဗျူဟာစခန်အား KNLA နှင့်ပူးပေါင်းတပ်များက ဇန်နဝါရီလ ၂၇ ရက်မှစ၍ ဝိုင်းပတ်တိုက်ခိုက်ပိတ်ဆို့ထားရှိကာ မတ်လ ၁၃ ရက်နံနက် ၀၆ ၅၀ အချိန်တွင် တက်ရောက်ချေမှုန်းတိုက်ခိုက်ခဲ့ပြီး မတ်လ ၁၄ ရက် ညနေ ၁၆ ၃၀ အချိန်တွင် စခန်းအားအပြီးပိုင် သိမ်းပိုက်ရရှိခဲ့သည်။
ကျိုက်ဒုံဗျူဟာစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ထံမှ RPG/ပွိုင့်5/ငါးကြင်းမှီးစက်သေနတ်အပါအဝင် လက်နက်ငယ်ပေါင်း (၈၆)လက် ၊ ၆၀မမ(၄)လက် ၊ ၈၁မမ(၂)လက် ၊ ၁၂၀မမ(၁)လက် ၊ Drone Gun(၂)လက် ၊ ခဲယမ်းကျည်များ နှင့်စစ်အသုံးအဆောင်ပစ္စည်းမြောက်များစွာတို့ကို သိမ်းပိုက်ရရှိခဲ့သည်။
ထိုစခန်းသိမ်းတိုက်တိုက်ပွဲတွင် စစ်ကောင်စီ ဗျူဟာမှူး ဗိုလ်မှူးကြီးအောင်ကျော်စိုးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၀ နီးပါးလက်နက်ချအညံ့ခံခဲ့သည်ဟု သိရသည်။