တောင်ငူလေတပ်စခန်း ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခံရ
*************
သဇင်
မတ် ၁၅၊ ၂၀၂၄။
တောင်ပိုင်းတိုင်း လေကြောင်းတိုက်ခိုက်မှုများ၌အရေးပါသည့် စစ်ကောင်စီ၏ ပဲခူးတိုင်း၊ တောင်ငူမြို့ရှိ လေတပ် စခန်းအား တော်လှန်ရေးပူးပေါင်းအဖွဲ့များက ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။
ယမန်နေ့ မတ်လ ၁၄ရက် ၊ ည ၈ နာရီခွဲခန့်တွင် လေတပ်စခန်းအတွင်းသို့ Brave Warriors for Myanmar – BWM အဖွဲ့၏စီမံမှုဖြင့် Mountain Knights Civilian Defense Force – MKCDF အဖွဲ့က ၁၀၇ မမ ရှော့တိုက်ဒုံး ၅ လုံး ဖြင့်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
ရှော့တိုက်ဒုံး ၃ လုံးသည် စစ်ကောင်စီတပ်စခန်းအတွင်း အောင်မြင်စွာပေါက်ကွဲခဲ့ပြီး ကျန်၂လုံးသည် ပစ္စည်း ချို့ယွင်းမှုဖြစ်ခဲ့သည်ဟု Brave Warriors for Myanmar – BWM က ထုတ်ပြန်ထားသည်။
အဆိုပါ တောင်ငူလေတပ်စခန်းတိုက်ခိုက်မှုကို အချိန်အတန်ကြာပြင်ဆင်ခဲ့ရပြီး အဓိကအားဖြင့် လေကြောင်းတိုက်ခိုက်မှုမလုပ်နိုင်ရန် လေယာဉ်နှင့် ဆီသိုလှောင်ရုံများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းဖြစ်သည်ဟု Brave Warriors for Myanmar – BWM ပြောရေးဆိုခွင့်ရှိသူက သံလွင်ခက်ကိုပြောသည်။
၎င်းက ” အောင်ခဲ့တဲ့ ၃ လုံးထဲက ၁ လုံးက လေယာဉ်ကိုထိတယ်။ ဒုတိယအလုံးက လက်နက်တပ်ဆင်ရုံ ကိုကျသွားပါတယ်။ တတိယအလုံးကတော့ ဆီသိုလှောင်ရုံနဲ့ မလှမ်းမကမ်းမှာ ကျသွားတယ်” ဟု ဆိုသည်။
ရှော့တိုက်ဒုံးဖြင့်ပစ်ခတ်မှုအတွင်း တောင်ငူလေတပ်စခန်းက ဂျက်ဖိုက်တာ၂ စင်းထိမှန်ပျက်စီးခဲ့ပြီး လေကြောင်းနည်းပြ ၁ ဦး၊ လေတပ်အရာရှိ ၁ ဦး နှင့် တပ်ကြပ်ကြီးစာရေး ၃ ဦးလည်း ထိမှန်ခဲ့သည်ဟု ကြားသိရသော်လည်း ထိခိုက်ပျက်စီးမှုအသေးစိတ်ကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်ဟု ၎င်းကဆက်လက်ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို Brave Warriors for Myanmar – BWM နှင့် Mountain Knights Civilian Defense Force – MKCDF တို့ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
ယင်းအဖွဲ့များသည် တောင်ငူလေတပ်စခန်းအပြင် နေပြည်တော်အေလာလေဆိပ်ကို ၁ ကြိမ် နှင့် မကွေးလေတပ်ကို ၁ ကြိမ် ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည် ဟု Mountain Knights Civilian Defense Force – MKCDF အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ရုပ်သံ – တောင်ငူလေတပ်စခန်းအား ရှော့တိုက်ဒုံးဖြင့်ပစ်ခတ်ခဲ့သည့် ရုပ်သံမှတ်တမ်း။
************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3773
YouTube – > https://youtu.be/6X9AvN2FnIw?si=BGNM7eyxs7ZtJG7d
Website – > https://thanlwinkhet.net/?p=8372