ကျိုက်ဒုံဗျူဟာကုန်းသိမ်းတိုက်ပွဲတွင် ဗျူဟာမှူး ၁ ဦးအပါအဝင် တပ်သား ၆၀ ခန့်ဖမ်းဆီးရမိ
*******************************
နန်းဆုပန်ခန့်
မတ် ၁၅၊ ၂၀၂၄။
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ခွဲတစ်ခုဖြစ်သည့် ကျိုက်ဒုံမြို့ရှိ စစ်ကောင်စီဗျူဟာကုန်းစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA ပူးပေါင်းတပ်က သိမ်းပိုက်ပြီးနောက် ဗျူဟာမှူး ၁ ဦး အပါအဝင် တပ်သား ၆၀ ခန့် ဖမ်းဆီးနိုင်ခဲ့သည်ဟု စစ်ရေးသတင်းရင်းမြစ်များထံက သိရသည်။
ယမန်နေ့ မတ်လ ၁၄ ရက် ညနေပိုင်း ၄ နာရီခန့်တွင် KNLA ပူးပေါင်းတပ်က သိမ်းယူနိုင်ခဲ့သည့် ကျိုက်ဒုံဗျူဟာ ကုန်းတိုက်ပွဲအပြီးတွင် စစ်ကောင်စီတပ်၏ ဗျူဟာမှူး အောင်ကျော်စိုး အပါအဝင် တပ်သား ၆၀ ခန့် ဖမ်းဆီးနိုင်ခဲ့ ခြင်းဖြစ်သည်ဟု စစ်ရေးသတင်းရင်းမြစ် ၁ ဦးက သံလွင်ခက်ကိုပြောသည်။
၎င်းက “ ဗျူဟာမှူး ၁ ယောက်အပါအဝင် အယောက် ၆၀ လောက် သုံ့ပန်းဖမ်းမိထားတယ်” ဟု ဆိုသည်။
ဗျူဟာကုန်းကိုသိမ်းပိုက်ပြီးချိန်တွင် လက်နက်ကြီး၊ လက်နက်ငယ်အများအပြား သိမ်းဆည်းနိုင်ခဲ့သည်ဟုလည်း သတင်းရင်းမြစ်များထံက သိရသည်။
၁၉၉၇ ခုနှစ်ကစ၍တပ်စွဲထားသော စစ်ကောင်စီတပ်၏ အဆိုပါဗျူဟာကုန်းကို KNLA ပူးပေါင်းတပ်က မတ်လ ၁၂ ရက်တွင် စတင်တိုက်ခိုက်ခဲ့ပြီး မတ်လ ၁၄ ရက်ညနေပိုင်း၌ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
ဗျူဟာကုန်းအားတိုက်ခိုက်ခဲ့စဉ်အတွင်း စစ်ကောင်စီဘက်က လေကြောင်းများဖြင့် ခုခံတိုက်ခိုက်ခဲ့သည့်အတွက် ကျေးရွာတချို့က နေအိမ်များပျက်ဆီးခဲ့သည်ဟုသိရသည်။
Photo – Credit
************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3763
YouTube – > https://youtu.be/6X9AvN2FnIw?si=BGNM7eyxs7ZtJG7d
Website – > https://thanlwinkhet.net/?p=8350