ဖားကန့်နွံကန်ပြိုကျမှု ပျောက်ဆုံးသူများရှိသော်လည်း ကယ်ဆယ်ရေးလုပ်ငန်းများရပ်ဆိုင်းလိုက်ရ
**************************************
ယမင်းဖူးပွင့်အောင်
မတ် ၁၃၊ ၂၀၂၄။
ကချင်ပြည်နယ် ဖားကန့်မြို့နယ် မနမှော်ကျောက်စိမ်းလုပ်ကွက်တွင် ကျောက်တူးဖော်သူ ၃၀ ခန့်ပျောက်ဆုံးနေဆဲဖြစ်သော်လည်း ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ရပ်ဆိုင်းလိုက်ပြီဖြစ်သည်ဟု ပရဟိတအသင်းများထံက သိရသည်။
နွံကန်ဖြစ်သည့်အတွက် လူကိုယ်တိုင်ဆင်းကယ်ရန်ဖြစ်စေ၊ လှေများ၊ မြေတူးစက်များအသုံးပြု၍ဖြစ်စေ ကယ်ဆယ်ရန်အခက်အခဲများရှိနေသဖြင့် ရပ်ဆိုင်းလိုက်ရခြင်းဖြစ်သည်ဟု နွံကန်ပြိုကျမှုဖြစ်စဉ်တွင် ပါဝင်ကူညီခဲ့သည့် ဖားကန့်မြို့နယ် ပရဟိတအသင်းဝင် ၁ ဦးက သံလွင်ခက်ကိုပြောသည်။
“ ကယ်ဆယ်ရေးကနားလိုက်ပြီ။ အရင်တုန်းက ရေကန်ပေါ့။ ရေကန်ကိုမြေကြီးပြန်ဖို့နေတာ။ မြေကြီးနဲ့ ရွှံ့နဲ့ ရေနဲ့ နယ်တဲ့အခါကျတော့ နွံကန်လိုဖြစ်သွားတာပေါ့။ အနက်ကြီးဆိုတော့ လှေနဲ့လည်းသွားမရ။ လူသွားရင်လည်းမြှုပ်တာ။ တွင်းနှုတ်ခမ်း မြေအမာရှိတဲ့နေရာတွေမှာ ဘက်ဖိုး ဂေါ်တွေနဲ့ ရမ်းကြည့်ရတာပေါ့။ တစ်နေကုန်ရှာတာမှ ၂ ယောက်ပဲတွေ့တာ” ဟုဆိုသည်။
ယမန်နေ့ နံနက် ၃ နာရီခွဲခန့်က မနမှော်ကျောက်စိမ်းလုပ်ကွက်တွင် နွံကန်ပြိုကျမှုကြောင့် ပြည်သူ ၂ ဦးသေဆုံးကာ ၃၀ ခန့် ပျောက်ဆုံးနေဆဲဖြစ်ပြီး ဒဏ်ရာရရှိသူ ၄ ဦးကို ဖားကန့်မြို့နယ်ဆေးရုံသို့ ပို့ဆောင်ပေးထားသည်။
အနက်ပေ ၃၀၀ခန့်ရှိသည့် နွံကန်ဖြစ်သည့်အတွက် ပျောက်ဆုံးနေသည့် ကျောက်တူးဖော်သူများကို ဆက်လက်ရှာဖွေရန်မဖြစ်နိုင်သလို နွံကန်အတွင်း၌ နစ်မြှုပ်သွားမည်ဖြစ်ကာ ရုပ်အလောင်းပြန်ရရန်မဖြစ်နိုင်ဟု ၎င်းကဆက်ပြောသည်။
” အလောင်းကတော့ မရနိုင်ဘူး။ ဘက်ဖိုးနဲ့ ခုတ်ရှာရင်လည်း ရုပ်ပျက်ဆင်းပျက်တွေ၊ ခေါင်းပြတ်တာတွေ၊ ခါးပြတ်တာတွေဖြစ်လာမယ်။ ပေ ၂၀၀၊ ၃၀၀ လောက်ရှိတဲ့ အနက်ကြီးထဲကိုလည်း ဘယ်နေရာကိုရှာရမယ်ဆိုတာ မသိနိုင်ဘူးပေါ့။ ကြာလာရင်တော့ ခြောက်သွားပြီး မြေမာသွားမှာ” ဟုပြောသည်။
ကျောက်တူးဖော်သူများသည် ဘက်ဖိုးကား၊ မြေကြီးသယ်သည့်ကားစသည့် ကား ၁၃ စီးခန့်ဖြင့် လာရောက်တူးဖော်ကြခြင်းဖြစ်ပြီး ကား ၁၃ စီးပါ နွံကန်ထဲနစ်မြုပ်သွားသည်ဟု ဒေသခံများထံက သိရသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဩဂုတ်လတွင်လည်း မနမှော် မြေစာပုံပြိုကျကာ ၄ ရက်ကြာ ကယ်ဆယ်ရေးပြုလုပ်ခဲ့ရပြီးနောက် ရုပ်အလောင်း ၃၃ လောင်း ရှာဖွေတွေ့ရှိခဲ့သည်။
ယခုပြိုကျသည့်နွံကန်သည် ယခင်နှစ်က မြေစာပုံပြိုကျသည့်နေရာနှင့် ပေ ၅၀ ခန့်သာကွာဝေးသည်ဟု ကူညီသူများကဆိုကြသည်။
ဓာတ်ပုံ – ပေးပို့
************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3730
YouTube – > https://youtu.be/VWUnOqS3CvY?si=v5aJiF7msrZh0BNt
Website – > https://thanlwinkhet.net/?p=8297