ဖားကန့်မြို့နယ်ရှိ ကသိုင်းတောင်ကို KIA နှင့် ပူးပေါင်းတပ်သိမ်းပိုက်
********************
ထွယ်
မတ် ၁၂၊ ၂၀၂၄။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားသည့် ကချင်ပြည် နယ်၊ ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စုရှိ ကသိုင်းတောင်ကို ယမန်နေ့ ညနေ ၆ နာရီကျော်ခန့်တွင် ကချင်လွပ်လပ်ရေးတပ်မတော် – KIA နှင့် ပူးပေါင်းတပ်ဖွဲ့ဝင်များက အပြီးတိုင်သိမ်းပိုက်နိုင်ခဲ့သည်ဟု ရှေ့တန်းရဲဘော်များထံက သိရသည်။
အဆိုပါ ကသိုင်းတောင်တွင် ဖားကန့်မြို့နယ် တာမခန်ကျေးရွာတွင် တပ်စွဲထားသည့် တပ်မ – ၃၃ လက်အောက် ခံ စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ခမရ – ၁၁၉ မှ ထွက် ပြေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များလည်း ရှိသည်ဟု ပူးပေါင်းတပ်ဖွဲ့ဝင်များထံက သိရသည်။
ယမန်နေ့ ကသိုင်းတောင်တိုက်ပွဲတွင်လည်း ဒုဗိုလ်မှူးကြီး သက်ပိုင်ထွန်း သေဆုံးခဲ့သည်ဟု ရှေ့တန်းသတင်းရင်းမြစ်နှင့် နီးစပ်သူ အမျိုးသား ၁ ဦးက ပြောသည်။
၎င်းက “တာမခန်းစစ်တပ်မှာထိုင်တဲ့ ဒုဗိုလ်မှူးကြီးက တာမခန်တိုက်ပွဲကနေ ထွက်ပြေးပြီး ကသိုင်းတောင်မှာ ရှိနေတာ။ မနေ့ကတိုက်ပွဲမှာတော့ မျက်နှာချင်းဆိုင် တိုက်ပွဲဖြစ်ကြပြီး ဆုံးသွားပြီ” ဟုပြောသည်။
ဒုဗိုလ်မှူးကြီး သက်ပိုင်ထွန်း သည် စစ်ကောင်စီတပ်၏ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်း အစ်မဖြစ်သူ၏ သားဖြစ်ပြီး ၎င်း၏ တူဖြစ်သည်ဟုလည်း ရှေ့တန်းသတင်းရင်းမြစ်နှင့် နီးစပ်သူက ပြောသည်။
ထိုအကြောင်းအရာနှင့်ပတ်သက်ပြီး သံလွင်ခက်သတင်းဌာနအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
ကချင်လွတ်လပ်ရေးတပ်မတော် – KIA နှင့်ပူးပေါင်းတပ်က သိမ်းပိုက်လိုက်သည့် ကသိုင်းတောင်သည် ၂၀၂၃ ခုနှစ် ဩဂုတ်လ ၇ ရက်ကလည်း KIA ပူးပေါင်းတပ်တို့ တစ်ကြိမ် တိုက်ခိုက်သိမ်းပိုက်ခဲ့ဖူးတယ်။ သို့သော် စစ်ကောင်စီတပ်က ပြန်လည်ဝင်ရောက်တပ်စွဲခဲ့သဖြင့် ယမန်နေ့ညနေက ပြန်လည်တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ကသိုင်းတောင်သည် KIA ၏ တပ်မဟာ ၉ ၊ တပ်ရင်း အမှတ် ၆ ရှိရာ နယ်မြေတွင်းတည်ရှိပြီး ယမန် နေ့တိုက်ပွဲကို တပ်ရင်း အမှတ် ၆ ၏ တပ်ရင်းမှူးကိုယ် တိုင်ဦးဆောင်၍ ညနေ ၅ နာရီခန့်က ဝင်ရောက်တိုက်ခိုက်ရာ ၆ နာရီကျော်ခန့်တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု KIA ၏ ပြန်ကြားရေးသတင်းဌာနတစ်ခုဖြစ်သည့် The Kachin Net တွင် ဖော်ပြထားသည်။
ထို့အပြင် ယမန်နေ့နံနက်ကလည်း ကသိုင်းတောင်မှ ဆင်းလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို KIA နှင့် ပူးပေါင်းတပ်များက နမ့်မှော်ကျေးရွာအနီးတွင် စောင့်ကြိုတိုက် ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များသေဆုံးခဲ့ကာ လက် နက်များလည်း သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာမခန်ကျေးရွာရှိ စစ်ကောင်စီ၏ နယ်မြေရဲစခန်းနှင့် တပ်စခန်းကို KIA နှင့် ပူး ပေါင်းတပ်က ဖေဖော်ဝါရီလ ၂၆ ရက် ညနေပိုင်းကစတင် တိုက်ခိုက်ခဲ့ပြီး အဆိုပါညနေတွင် နယ်မြေရဲစခန်းကို သိမ်းပိုက်နိုင်ခဲ့ကာ တိုက်ပွဲဖြစ်ပွားပြီး ၁၃ ရက်အကြာ မတ်လ ၉ ရက်၌ စစ်ကောင်စီ၏ တပ်မ – ၃၃ လက် အောက်ခံ ခမရ – ၁၁၉ ကို အပြီးတိုင်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။
အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီသည် ၎င်းတို့စခန်း မကျဆုံးစေရေးအတွက် မြေပြင်မှလက်နက်ကြီးပစ်ကူများအပါအဝင် ဝေဟင်ကလည်း ခုခံတိုက်ခိုက်ခဲ့သည်။
ထို ၁၃ ရက်တာတိုက်ပွဲတွင် စစ်ကောင်စီက တာမခန်ကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့သဖြင့် နေအိမ် ၅၀၀ ကျော်ခမီးလောင်ပျက်စီးခဲ့ပြီး KIA နှင့် ပူးပေါင်းတပ်ကလည်း စစ်ကောင်စီ၏ တိုက်ခိုက်ရေးရဟတ်ယာဉ် ၁ စင်းကို ပစ်ခတ်နိုင်ခဲ့သည်။
************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3710
YouTube – > https://youtu.be/QqbTWiv8qdA?si=t_-oGmGKSvk_jV-Z
Website – > https://thanlwinkhet.net/?p=8261