ကလေးမြို့နယ်တိုက်ပွဲအတွင်း စစ်ကောင်စီရုပ်အလောင်းနှင့် လက်နက်များသိမ်းဆည်းရမိ
****************************
သံလွင်ခက်
မတ် ၁၂၊ ၂၀၂၄။
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မြောက်ပိုင်း၊ ကံသာယာရွာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး၏ ရုပ်အလောင်းနှင့် လက်နက်ငယ် ၂၄ လက်အပါအဝင် လက်နက်ခဲယမ်းများသိမ်းဆည်းရမိခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေး တပ်မတော် – PDF၊ အမှတ် ၁ စစ်ဒေသက မတ်လ ၁၁ ရက်တွင် သတင်းထုတ်ပြန်သည်။
ကလေးမြို့နယ်၊ ကံသာယာရွာကို စစ်ကောင်စီနှင့် ပျူစောထီးပူးပေါင်းအင်အား ၈၀ ခန့်က စစ်ကြောင်းထိုးလာ သဖြင့် မတ်လ ၁၀ ရက်တွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်၌ဖော်ပြထားသည်။
အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီအဖွဲ့အား ကလေးခရိုင်တပ်ရင်းများ၊ အထူးလှုပ်ရှားတပ်ရင်းများ၊ ခရိုင်ဒရုန်းတပ်ဖွဲ့၊ RKDF၊ HNB၊ S2UG၊ EFDF၊ TCDF၊ ဒေါင်းသွေးရာဇာ၊ GRF၊ ကလေးမြို့နယ် ပကဖ ပူးပေါင်းတပ်ဖွဲ့များက ခုခံတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု အမှတ် ၁ စစ်ဒေသက ထုတ်ပြန်ချက်ကဆိုသည်။
ဖေဖော်ဝါရီလအတွင်း ကာကွယ်ရေးပူးပေါင်းတပ်များသိမ်းပိုက်ခဲ့သော ကံသာယာရွာရှိစခန်းအား စစ်ကောင်စီက ပြန်လည်ရယူရန်ကြိုးစားခြင်းဖြစ်သည်ဟု ကာကွယ်ရေးပူးပေါင်းတပ်များထံက သိရသည်။
ကလေးမြို့နယ်တွင် ဖေဖော်ဝါရီ ၂၁ ရက်ကစ၍ ကာကွယ်ရေးပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်ကြား တိုက်ပွဲဖြစ်ပွားနေပြီး ကာကွယ်ရေးပူးပေါင်းတပ်များက ကလေးမြို့နယ် တောင်ပိုင်းနှင့်မြောက်ပိုင်း နှစ်ဖက်ညှပ် တိုက်ခိုက်နေခြင်းဖြစ်သည်။
တိုက်ပွဲအတွင်းအထိနာနေသည့် စစ်ကောင်စီတပ်က အဆိုပါတောင်ပိုင်းနှင့် မြောက်ပိုင်းရှိ ကျေးရွာများကို မြေပြင် စစ်ကြောင်းများအပြင် လေကြောင်း၊ လက်နက်ကြီးများဖြင့် နေ့စဉ်ရက်ဆက်ပစ်ခတ်နေသည်။
ပြီးခဲ့သည့် မတ်လ ၄ ရက်စပြီး စစ်ကောင်စီတပ်က ကလေးမြို့နယ်တောင်ပိုင်းကျေးရွာများဖြစ်သည့် ထိုမာ၊ စီးစံ၊ ကြာအင်း၊ သာယာကုန်း၊ ထောက်ကြန့် ၊ မြောင်းစုံစသည့် ကျေးရွာများကို လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကလေးငယ်အပါအဝင် ဒေသခံ ၁၅ ဦးကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၁၀၀ နီးပါး မီးလောင်ပျက်စီးခဲ့သည်ဟု ဒေသခံများထံက သိရသည်။
စစ်ကောင်စီတပ်သည် ကလေးမြို့တောင်ပိုင်းကကျေးရွာများသာမက မြောက်ပိုင်းရှိကျေးရွာများကိုလည်း လက်နက်ကြီးများဖြင့် နေ့စဉ်ရက်ဆက်ပစ်ခတ်လျက်ရှိသည်ဟု ဒေသခံများထံက သိရသည်။
စစ်ကောင်စီတပ်က လက်နက်ကြီး၊ လေကြောင်းဖြင့်ပစ်ခတ်နေသည့်အတွက် ကလေးမြို့နယ်တောင်ပိုင်းက ထို မာ၊ စီးစံ၊ ကြာအင်း၊ သာယာကုန်း၊ ထောက်ကြန့် ၊ မြောင်းစုံစသည့် ကျေးရွာများနှင့် မြောက်ပိုင်းက အောင်သာယာ၊ ကံကြီး၊ ကံသာ၊ မော်လိုက် ကလေး – တောင်/မြောက်၊ စခန်းကြီး၊ ကြက်ဖနက်၊ အင်းဒိုင်းကြီး၊ အင်းဒိုင်းလေး စသည့်ကျေးရွာများအပါအဝင် ကျေးရွာ ၃၀ က ဒေသခံထောင်ကျော်သည် ဘေးလွတ်ရာနေရာများ သို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။
ရာသီဥတုအကူးအပြောင်းကာလဖြစ်သည့်အတွက် စစ်ဘေးရှောင်ပြည်သူများ ဖျားနာမှုများရှိနေသောကြောင့် ဆေးဝါးနှင့် စားနပ်ရိက္ခာလိုအပ်မှုများရှိနေသည်ဟု စစ်ရှောင်ကူညီသူများထံက သိရသည်။
************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3709
YouTube – > https://youtu.be/QqbTWiv8qdA?si=t_-oGmGKSvk_jV-Z
Website – > https://thanlwinkhet.net/?p=8258