ကချင်ပြည်နယ်တွင် စစ်ကောင်စီရဟတ်ယာဥ်ပစ်ခတ်ခံရ
*******************
ထွယ်
မတ် ၁၂၊ ၂၀၂၄။
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ အောင်မြေ ၁ ကျေး ရွာကို လေကြောင်းဖြင့်လာရောက်ပစ်ခတ်သည့် စစ်ကောင်စီ၏ တိုက်ခိုက်ရေးရဟတ်ယာဉ် ၁ စင်းအား ယမန်နေ့ မတ်လ ၁၁ ရက် ညနေ ၄ နာရီခန့်က ကချင်လွတ်လပ်ရေးတပ်မတော် – KIA နှင့် ပူးပေါင်းတပ်က ပစ်ခတ်ခဲ့သည်ဟု ရှေ့တန်းရဲဘော်များထံက သိရသည်။
စစ်ကောင်စီ၏ အဆိုပါ တိုက်ခိုက်ရေးရဟတ်ယာဉ်ကို ပစ်ခတ်ထိမှန်ခဲ့သော်လည်း ပျက်ကျသွားခြင်းရှိ၊ မရှိကို စုံစမ်းနေဆဲဖြစ်သည်ဟု ရှေ့တန်းရဲဘော် ၁ ဦးက ပြောသည်။
၎င်းက “ထိတာက ဟုတ်တယ်။ ကျွန်တော်တို့ ကားနဲ့ လိုက်ပစ်တာ” ဟုပြောသည်။
စစ်ကောင်စီတပ်သည် မြစ်ကြီးနား – ဗန်းမော်လမ်းပေါ်ရှိ ဝိုင်းမော်မြို့နယ်က အောင်မြေ ၁ ကျေးရွာနှင့် အောင်မြေ ၂ ကျေးရွာများကို ယမန်နေ့နံနက် ၈ နာရီခွဲခန့်ကတည်းကပင် လေကြောင်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်လျက်ရှိသည်။
ထို့ပြင် ဝိုင်းမော်မြို့က စစ်ကောင်စီတပ်စခန်းအပါအဝင် မြစ်ကြီးနားမြို့ရှိ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် – မပခ မှလည်း တိုက်ပွဲဖြစ်ပွားရာနေရာ ဝိုင်းမော်မြို့နယ်၊ အောင်မြေ ၁ ကျေးရွာသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်လျက်ရှိသည်ဟု မြစ်ကြီးနားဒေသခံများထံက သိရသည်။
ထို့အတူ ဖေဖော်ဝါရီလ ၂၇ ရက်ကလည်း ကချင်ပြည် နယ်၊ ဖားကန့်မြို့နယ် တာမခန်ကျေးရွာကို လေကြောင်းဖြင့်လာရောက်တိုက်ခိုက်သည့် စစ်ကောင်စီ၏ တိုက် လေယာဉ် ၁ စင်း လက်နက်ကြီးထိမှန်ခဲ့သည်။
KIA နှင့် ပူးပေါင်းတပ်သည် မြစ်ကြီးနား – ဗန်းမော်ကား လမ်းမပေါ်ရှိ စစ်ကောင်စီတပ်စခန်းများအပါအဝင် မိုးမောက်မြို့နယ်နှင့် ဆွမ်ပရာဘွမ်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို မတ်လ ၇ ရက်ကစတင်ပြီး တပြိုင်နက် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။
အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီ၏ တပ်စခန်းကုန်းအပါ အဝင် ကာကင်းစခန်းအများအပြား တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားရာအနီးတဝိုက်ရှိ ဒေသခံအများအပြားလည်း ဘေးလွတ်ရာသို့ တိုက်ပွဲတိမ်းရှောင်လျက်ရှိသည်။
သို့သော် ဝိုင်းမော်မြို့နယ်၊ အောင်မြေ ၁ နှင့် အောင်မြေ ၂ ကျေးရွာရှိ ဒေသခံပြည်သူများသည် တိုက်ပွဲတိမ်းရှောင်နိုင်ခြင်းမရှိဘဲ နှစ်ဖက်တိုက်ပွဲကြား ပိတ်မိလျက်ရှိသည်။
ထိုပိတ်မိနေသည့် ဒေသခံပြည်သူများအနက် လူဦးရေ ၁,၀၀၀ ခန့်ကို ဘေးလွတ်ရာသို့ ခေါ်ယူနိုင်ခဲ့သော်လည်း ဆက်လက်ပိတ်မိနေသည့် ဒေသခံများလည်း ရှိသည်ဟု ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် – KBC ၏ ထုတ်ပြန်ချက်အရ သိရသည်။
************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3707
YouTube – > https://youtu.be/QqbTWiv8qdA?si=t_-oGmGKSvk_jV-Z
Website – > https://thanlwinkhet.net/?p=8253