ရှမ်းတောင် – ရှမ်းရှေ့ ကုန်စည်စီးဆင်းမှုအတွက်အရေးပါသည့် မိုင်းပွန်တံတားပြန်ဖွင့်
************************************************
ယမင်းဖူးပွင့်အောင်
မတ် ၂၊ ၂၀၂၄။
ရှမ်းပြည်တောင်ပိုင်းနှင့် ရှမ်းပြည်အရှေ့ပိုင်း ကုန်စည်စီးဆင်းမှုအတွက်အရေးပါသည့် မိုင်းပွန်တံတားကို စစ်ကောင်စီတပ်က ပြန်လည်ဖြတ်သန်းခွင့်ပေးလိုက်ပြီ ဖြစ်သည်ဟု သိရသည်။
မိုင်းပွန်မြို့ ခေါင်းနွဲ့တောင်အနီးတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင် အားစုများကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သည် လက်နက် ကြီးအပါအဝင် လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့သလို ၁ ပတ်ကျော် ကြာသည်အထိလည်း လမ်းပိတ်ထားခဲ့သည်။
ယခင်ရက်ပိုင်းများကမူ မိုင်းပွန်တံတားပိတ်ထားခြင်းကြောင့် ပင်လုံမြို့ဘက်ကပတ်သွားရသည့် ကျောက်တန်း လမ်းကိုအသုံးပြုကာ ဖြတ်သန်းသွားလာနေရသော်လည်း တောင်တက်တောင်ဆင်းအန္တရာယ်များသည်ဟု လွိုင်လင်ဒေသခံ ၁ ဦးက သံလွင်ခက်ကိုပြောသည်။
“ဟိုပုံးကိုပြန်ပေါက်တာပေါ့နော်။ ဟိုတလောကမှဖောက်ထားတာ ကောင်းတယ်။ ဂိတ်ကတော့ ၃၊ ၄ ဂိတ်ရှိတယ်။ ခရီးလေးနည်းနည်း ကြန့်ကြာတာပဲရှိတယ်။ အဆင်ပြေတယ်။ မိုင်းပွန်ကို မဖြတ်တော့ဘူး။ လမ်းနည်းနည်းပိုရှည် တယ်။ အတက်အဆင်းကြမ်းတယ်” ဟုဆိုသည်။
ရှမ်းပြည်မြောက်ပိုင်းရှိ နယ်စပ်ကုန်သွယ်ရေးအတွက်အရေးပါသည့်မြို့များနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပေါ်ရှိမြို့များကို “၁၀၂၇ စစ်ဆင်ရေး” အတွင်း မြောက်ပိုင်းညီနောင်မဟာမိတ်တပ်များက သိမ်းပိုက်နိုင်ခဲ့သည်။
တရုတ်သို့ကုန်စည်ပို့ဆောင်ရာတွင် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများ၏ မသေချာမရေရာသောအခြေအနေများကြောင့် ပြည်မကကုန်ပစ္စည်းများအား တရုတ်သို့ပို့ဆောင်ရာတွင် တောင် ကြီးကို ပို့ဆောင်ရပြီး ထိုမှတဆင့် ယခုတိုက်ပွဲဖြစ်ပွားနေရာလမ်းကြောင်းကိုဖြတ်သန်းကာ ရှမ်းအရှေ့ရှိ ကျိုင်းတုံ သို့ ပို့ဆောင်ရလေ့ရှိသည်။
ထို့နောက်မှ တရုတ်နယ်စပ် မိုင်းလားမြို့ကို ထပ်မံပို့ဆောင်ရသည်။
ပြီးခဲ့သည့်ရက်များမှာတော့ PNLA နှင့် စစ်ကောင်စီ၊ PNA ပြည်သူ့စစ်ပူးပေါင်းတပ်များ အဆိုပါလမ်းပိုင်းတွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။
စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားရာနေရာများကို လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်လေ့ရှိသောကြောင့် ခရီးသွားကားများပေါ် ကျရောက်ပေါက်ကွဲမည်စိုးရိမ်သည့်အတွက် လမ်းပိတ်ထားခြင်းဖြစ်သည်ဟု အဆိုပါလွိုင် လင်ဒေသခံက ဆက်ပြောသည်။
“တစ်ညလုံးထုနေတာပဲ။ ပိတ်ထားတာက သူတို့လက်နက်ကြီးရမ်းထုနေတာ ကားတွေပေါ်ကျမှာစိုးလို့။ သူတို့ပစ် လိုက်လို့ transformer ကြီးတောင်ပျက်နေတာ ၃ ရက်ရှိပြီလေ။ လေယာဉ်နဲ့ဗုံးကြဲတုန်းက ထိသွားတယ်ကြား တာပဲ” ဟုဆိုသည်။
ကျောက်တန်းလမ်းကခရီးသွားလာရာတွင်လည်း စစ်ကောင်စီတပ်နှင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်-PNO တို့က ခရီး သယ်တင်ယာဥ်များထံက ဆက်ကြေးကောက်ခံခြင်း၊ ရိုက်နှက်စစ်ဆေးခြင်းများ ပြုလုပ်လျက်ရှိသည်ဟု ကား မောင်းသူများထံက သိရသည်။
တိုက်ပွဲများဖြစ်ပွားရာ ဟိုပုံးနှင့် မိုင်းပွန်ဒေသသည် စစ်ကောင်စီ၏ တိုင်းစစ်ဌာနချုပ်များအခြေစိုက်ထားရာ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် – ရပခ (တောင်ကြီး) နှင့် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် – ရလခ (ခိုလမ်) ကြား တွင် တည်ရှိသည်။
ခေါင်းနွဲ့တောင်ကြားတွင် ကားများပိတ်မိနေသည့်ရုပ်သံ – Dai Meng Mao Long’s Facebook
************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3606
YouTube – > https://youtu.be/eEaLA1Cu5r0
Website – > https://thanlwinkhet.net/?p=8068