ဖားကန့်မြို့နယ်တွင် KIA ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်ကြား တိုက်ပွဲဆက်လက်ပြင်းထန်နေ
***************************
ထွယ်
မတ် ၂၊ ၂၀၂၄။
ကချင်ပြည်နယ် ဖားကန့်မြို့နယ်ရှိ တာမခန်ကျေးရွာတွင် ကချင်လွတ်မြောက်ရေးတပ်မတော် – KIA ပူးပေါင်းတပ် နှင့် စစ်ကောင်စီတပ်တို့ ယနေ့နံနက်ထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်သည်ဟု ဒေသခံများနှင့် ရှေ့တန်းရဲဘော်များထံ က သိရသည်။
KIA နှင့် ပူးပေါင်းတပ်ဖွဲ့ဝင်များသည် တာမခန်ကျေးရွာတွင်ရှိသည့် စစ်ကောင်စီ၏ တပ်မ – ၃၃ လက်အောက်ခံ စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ – ၁၁၉ ကို ထိုးစစ်ဆင်တိုက်ခိုက်နေသည်မှာ ၆ ရက်ခန့်ရှိပြီဖြစ်ပြီး စခန်းကုန်းကို အပြီးတိုင်သိမ်းပိုက်နိုင်ခြင်းမရှိသေးဘဲ ယနေ့အချိန်ထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်သည်ဟု KIA နှင့်နီးစပ်သူ အမျိုး သား ၁ ဦးက သံလွင်ခက်ကို ပြောသည်။
၎င်းက “တကယ်တမ်းမသိမ်းနိုင်သေးဘူး။ သူတို့က လက်နက်မချသေးဘူးတဲ့။ လက်နက်ချဖို့ ညှိနှိုင်းတာ ဟိုက လည်း လက်နက်မချဘဲ ခံပြီး ပစ်နေတဲ့သဘောပေါ့။ အထဲမှာ အယောက် ၃၀ လောက်ကျန်သေးတယ်လို့ ပြော တယ်။ အခုချိန်ထိလည်း တိုက်နေကြတုန်းပဲ။ အသံတွေ ကြားနေရတယ်” ဟု ပြောသည်။
စစ်ကောင်စီတပ်စွဲထားသည့် တာမခန်စခန်းကုန်းအား ယနေ့နံနက်အချိန်ထိ အပြီးတိုင် သိမ်းပိုက်နိုင်ခြင်းမရှိသေး ကြောင်းကို KIA ရဲဘော် ၁ ဦးကလည်း အတည်ပြုပြောဆိုသည်။
အဆိုပါ တပ်စခန်းကုန်းနှင့် နယ်မြေရဲစခန်းကို KIA ပူးပေါင်းတပ်ဖွဲ့ဝင်များက ယခုနှစ် ဖေဖော်ဝါရီ ၂၆ ရက်က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ ထိုညနေကပင် နယ်မြေရဲစခန်းကို သိမ်းပိုက်နိုင်ခဲ့သည်။ အဆိုပါ ရဲစခန်းကို လည်း ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးလိုက်ပြီဖြစ်သည်ဟု တာမခန်ဒေသခံ အမျိုးသား ၁ ဦး က သံလွင်ခက်ကို ပြောသည်။
ထို့ပြင် ကာကွယ်ရေးတပ်ဖွဲ့ဝင်များသည် တာမခန်ကျေးရွာသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ စစ်အင်အားဖြည့်တင်းမှု မပြုလုပ်နိုင်ရန် လမ်းကြောင်းပိတ်ဆို့ထားပြီး ဖေဖော်ဝါရီ ၂၇ ရက်ညတွင်လည်း ဖားကန့်မြို့နယ်၊ ဆိုင်းတောင် ကျေးရွာရှိ စစ်ကောင်စီ၏ နယ်မြေရဲစခန်း ပစ်ခတ်ခံခဲ့ရသည်ဟု သိရသည်။
ယခုအချိန်တွင် ဖားကန့်မြို့နယ်၊ တာမခန်ကျေးရွာတွင် တိုက်ပွဲများပြင်းထန်နေပြီး ယနေ့နံနက်ပိုင်းအချိန်ထိ ဖား ကန့်မြို့နယ် ဗျူဟာကုန်းက တာမခန်ကျေးရွာဘက်သို့ လက်နက်ကြီးများ ပစ်ခတ်လျက်ရှိသည်ဟု ဖားကန့်မြို့ ဒေသခံများနှင့် တာမခန်ကျေးရွာဒေသခံများက ပြောသည်။
ဓာတ်ပုံ – ပုံဟောင်း
ပုံစာ – ရှေ့တန်းတစ်နေရာက KIA ရဲဘော်များ။
************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3603
YouTube – > https://youtu.be/eEaLA1Cu5r0
Website – > https://thanlwinkhet.net/?p=8058