စစ်ကောင်စီက ရွှေကျင်မြို့နယ်ကို လေကြောင်း၊ လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့
*****************************
နန်းဆုပန်ခန့်
ဖေဖောဝါရီ ၂၉၊ ၂၀၂၄။
ကေအဲန်ယူ – ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ ၃ ညောင်လေးပင်ခရိုင်၊ ဆောထိ (ရွှေကျင်) မြို့နယ်ကို စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီးဖြင့်ဗုံးကြဲပစ်ခတ်မှုများကြောင့် အသက် ၉ နှစ်အရွယ် ကလေး ၁ ဦးသေဆုံးခဲ့ပြီး နေအိမ်နှင့် ဘာသာရေးအဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့သည်ဟု ကေအဲန်ယူ ဗဟို ထုတ်ပြန် ချက်အရသိရသည်။
ယခု ဖေဖော်ဝါရီလ ၂၁ ရက်ကနေ ဖေဖော်ဝါရီလ ၂၅ ရက်အထိ စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးငယ် ၁ ဦးသေဆုံးခဲ့ရသည့်အပြင် အခြားသော ဒေသခံအမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ကေအဲန်ယူထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ လူသေဆုံးထိခိုက်မှုများအပြင် ညောင်လေးပင်အခြေစိုက် ခမရ – ၂၀ နှင့် ပိန်းဇလုပ်အခြေစိုက် ခလရ – ၂၆၄ တို့က ၁၂၀ မမ လက်နက်ကြီးများဖြင့်ပစ်ခတ်မှုကြောင့် တောင်ခတ်ကျေးရွာရှိ ဘုန်းကြီးကျောင်း ၁ ကျောင်း နှင့် ကောက်မယ့်ကျေးရွာရှိ နေအိမ် ၁ လုံး ပျက်စီးခဲ့သေးသည်။
ယင်းအပြင် ညောင်လေးပင်အခြေစိုက် ခမရ – ၂၀ နှင့် ပိန်းဇလုပ်အခြေစိုက် ခလရ – ၂၆၄ တို့သည် ၁ ပတ်အတွင်း ဆောထိမြို့နယ်ရှိကျေးရွာများဖြစ်ကြသည့် အင်းဗဝါး (အောပဝါး) ၊ ဂွေးကုန်း၊ ချုံအင်း၊ ညောင်ပင်ကြီး၊ ကောက်မယ့်၊ တောင်ခတ် နှင့် ထီးဝါးထာတို့ကို ၁၂၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်။
ဖေဖော်ဝါရီလ ၂၁ ရက်ကလည်း စစ်ကောင်စီ၏ဂျက်တိုက်လေယာဉ်က ဗုံး ၈ လုံးကြဲချခဲ့သဖြင့် ဆောထိ မြို့နယ်၊ ထီးဝါးထာကျေးရွာရှိ ဘုရားရှိခိုးကျောင်း ၁ ကျောင်းနှင့် နေအိမ် ၄ လုံး ထိခိုက်ပျက်စီးခဲ့သည်။
ကေအဲန်ယူ – ကရင်အမျိုးသားအစည်းအရုံး ဗဟိုအလုပ်မှုဆောင်ကော်မတီဝင်နှင့် ပြောရေးဆိုခွင့်ရှိသူ ပဒိုစော တောနီး သည် ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းတွင် ကေအဲန်ယူထိန်းချုပ်နယ်မြေများဖြစ်သည့် တပ်မဟာ ၃ နယ်မြေရှိ မုန်းမြို့နယ်၊ ကျောက်ကြီးမြို့နယ်၊ ရွှေကျင်မြို့နယ်ကို ကွင်းဆင်းလေ့လာခဲ့သလို ရန်ကုန် – မန္တလေး ကားလမ်းနှင့် ရထားလမ်းပိုင်းများကိုလည်း သွားရောက်လေ့လာခဲ့ကြောင်း ဖေဖော်ဝါရီလ ၂၂ ရက်တွင် ကေအဲန်ယူဗဟို၏ လူမှု ကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။
အဆိုပါ ကွင်းဆင်းလေ့လာမှုများဆောင်ရွက်ခဲ့သည့် ဖေဖော်ဝါရီ ၂၂ ရက်တွင်ပဲ ပဒိုစောတောနီးက စစ်ကောင်စီ၏ အသည်းနှလုံးဖြစ်သည့် နေပြည်တော်ကိုထိုးဖောက်ဖို့ စဉ်းစားသွားမည်ဟု ပြောဆိုခဲ့သည်။
ဓာတ်ပုံ – ကေအဲန်ယူဗဟို။
ပုံစာ – လက်နက်ကြီးနှင့် လေကြောင်းပစ်ခတ်မှုကြောင့် ထိခိုက်ခဲ့သည့်ဒေသခံနှင့် နေအိမ်ပျက်စီးမှုမြင်ကွင်း။
************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3572
YouTube – > https://youtu.be/eEaLA1Cu5r0
Website – > https://thanlwinkhet.net/?p=8012