မြန်မာနယ်စပ်တွင် ကိုရီးယားလူမျိုးများ လူကုန်ကူးခံရမှုပိုများလာ
*********************
သံလွင်ခက်
ဖေဖော်ဝါရီ ၂၉၊ ၂၀၂၄။
လုပ်ခလစာကောင်းမွန်သည့် အလုပ်အကိုင်အခွင့်အလမ်းများရရှိမည်ဟူသော အလုပ်ခေါ်စာများကြောင့် တောင် ကိုရီးယားနိုင်ငံသားအများအပြား အရှေ့ တောင်အာရှတွင် လူကုန်ကူးခံရမှု ပိုမိုများပြားလာနေသည်ဟု ယမန်နေ့ ဖေဖော်ဝါရီ ၂၈ ရက်တွင် တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက သတိပေးချက်ထုတ်ပြန်ခဲ့သည်။
အထူးသဖြင့် မြန်မာ၊ လာအိုနှင့် ထိုင်းနယ်စပ်ဖြစ်သော ရွှေတြိဂံဒေသတွင် လူကုန်ကူးခံရမှု ပိုမိုမြင့်တက်လာနေဟု ထုတ်ပြန်ချက်ကဆိုသည်။
ယခုနှစ် ဇန်နဝါရီလ ၁ လတည်းမှာပင် နိုင်ငံခြားရေးဌာနသို့ လူ ၃၈ ဦး ပျောက် ဆုံးမှုတိုင်ကြားခဲ့ပြီး ယမန်နှစ်ကထက် ၄၀ ရာခိုင်နှုန်းတိုးလာခဲ့သည်ဟု တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ကျားဖြန့်လုပ်ငန်းများတွင်ခိုင်းစေရန် ပြန်ပေးဆွဲခံခဲ့ရသည့် ကိုရီးယားလူမျိုး ၁၄၀ ဦးကို ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် ကယ်တင်နိုင်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနထံက သိရသည်။
“အွန်လိုင်းငွေလိမ်လုပ်ငန်းဖြစ်တဲ့ကျားဖြန့်ကြောင့် မြန်မာ၊ လာအိုနဲ့ ထိုင်းနယ် စပ်ဖြစ်တဲ့ ရွှေတြိဂံလိုဒေသနဲ့ ကမ္ဘောဒီးယားလို အရှေ့တောင်အာရှနိုင်ငံတွေမှာ လူကုန်ကူးခံရတဲ့အရေအတွက်က မကြာသေးခင်ကပဲ အလျင်အမြန်တိုးလာနေတယ်” ဟု နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ပြီးခဲ့သည့်နိုဝင်ဘာလကလည်း မြန်မာနိုင်ငံအရှေ့ပိုင်းရှိ နယ်စပ်မြို့ဖြစ်သော တာချီလိတ်မြို့ရှိ တရားမဝင်လုပ်ငန်း ၁ ခုတွင် လူကုန်ကူးခံခဲ့ရသော ကိုရီးယားလူမျိုး ၁၉ ဦးကို ကောင်းမွန်စွာကယ်တင်နိုင်ခဲ့သည်။
၂၀၂၁ ခုနှစ်ကနေ လက်ရှိအချိန်ထိ ကိုရီးယားလူမျိုး ၁၄၄ ဦး မြန်မာနိုင်ငံရှိ ကျားဖြန့်လုပ်ငန်းများတွင် လူကုန်ကူးခံထားရသည်။
ကိုရီးယားလူမျိုးများအား လူကုန်ကူးခံရမှုကနေကာကွယ်ရန် ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်း၊ ကယားပြည်နယ်နှင့် လာအိုဘက်ခြမ်းရှိ ရွှေတြိဂံအထူးစီးပွားရေးဇုန်များသို့ ခရီးမသွားကြရန် တောင်ကိုရီးယားအစိုးရက ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလနှောင်းပိုင်းကလည်း နယ်စပ်မြို့ဖြစ်သည့် တာချီလိတ်မြို့ရှိ 1G1 ဟိုတယ်အနီးက ကျားဖြန့်လုပ်ငန်းကို စစ်ကောင်စီကဝင်ရောက်စီးနင်းခဲ့ပြီး လူပေါင်း ၆၈၉ ယောက်ကို ဖမ်းဆီးခဲ့သည်။
Ref: Korea JoongAng Daily
ပုံစာ – တာချီလိတ်မြို့ရှိကျားဖြန့်လုပ်ငန်းက ပြန်လည်ကယ်တင်နိုင်ခဲ့သည့် တောင်ကိုရီးယားနိုင်ငံသား ၁၉ ဦး။ (၂၀၂၃ ခုနှစ် နိုဝင်ဘာ)
************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3571
YouTube – > https://youtu.be/eEaLA1Cu5r0
Website – > https://thanlwinkhet.net/?p=8008