မြိတ်အကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား ၁၀၀ ကျော် ပြောင်းရွှေ့ခံရ
********************************
သဇင်
ဖေဖော်ဝါရီ ၁၅၊၂၀၂၄။
တနင်္သာရီတိုင်း၊ မြိတ်အကျဉ်းထောင်ရှိ အကျဉ်းသားရာဂဏန်းကို ကော့သောင်းထောင်သို့ ရွှေ့ပြောင်းနေပြီး ယင်းထဲတွင် နိုင်ငံရေးအကျဉ်းသား ၁၀၀ ကျော်ပါဝင်သည်ဟု အကျဉ်းထောင်နှင့် နီးစပ်သူများထံက သိရသည်။
ဖေဖော်ဝါရီလ ၄ ရက်ကတည်းက မြိတ်ထောင်ရှိ အကျဉ်းသားများနှင့် နိုင်ငံရေးအကျဉ်းသားများကို ထောင်ပြောင်း ရွှေ့မည်ဟူသော သတင်းများထွက်ပေါ်ခဲ့ပြီး ယမန်နေ့ ဖေဖော်ဝါရီလ ၁၄ ရက်ကစတင်၍ ကော့သောင်းအကျဉ်းထောင်သို့ ပြောင်းရွှေ့နေခြင်းဖြစ်သည်။
ဖေဖော်ဝါရီလ ၁၄ ရက်တွင် မြိတ်အကျဉ်းထောင်ရှိအကျဉ်းသားများကို စစ်ကား(၅ စီးခန့်ဖြင့် ၂ သုတ်ခွဲကာ လာရောက်ခေါ်ဆောင်ခဲ့ပြီး ရေလမ်းကြောင်းမှတဆင့် ကော့သောင်းအကျဉ်းထောင်သို့ ပို့ဆောင်ခဲ့ခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် – PPNM အဖွဲ့တာဝန်ရှိသူက ပြောသည်။
၎င်းက “ မနေ့ကတော့ ၂ သုတ်ပြောင်းရွှေ့တာသိရတယ်။ တကယ်တော့ ၃ သုတ် ပြောင်းရွှေ့မှာ။ တတိယသုတ် ပြောင်းရွှေ့တာကိုတော့ ကျွန်တော်တို့စုံစမ်းတာ ပြောင်းရွှေ့သွားကြောင်း မသိရသေးဘူး။ စုစုပေါင်းအပို့ခံရတာ အကျဉ်းသား ၂၀၀ ကျော်ပါတယ်။ အဲဒီထဲမှာ နိုင်/ကျဉ်း ၁၀၀ ကျော်ပါဝင်တယ်လို့ ကနဦး သိထားရပါတယ်”ဟု ဆိုသည်။
မြိတ်အကျဉ်းထောင်တွင် နေရာအခက်ခဲကြောင့် အကျဉ်းသားများကို ပြောင်းရွှေ့ခြင်းဖြစ်သည်ဟု သတင်းများထွက်ပေါ်နေသည့်အပေါ် မြိတ်အကျဉ်းထောင်တွင် အကျဉ်းကျဖူးသည့် နိုင်ငံရေးအကျဉ်းသားဟောင်း ၁ ဦး ကတော့ နေရာမလုံလောက်မှုဆိုသည်မှာ မဖြစ်နိုင်ဘူး ဟု ပြောသည်။
၎င်းက “မနေ့က ပြောင်းရွှေ့တဲ့ထဲမှာဆိုရင် ၂၀၂၂၊ ၂၀၂၃ နောက်ပိုင်းမှရောက်တဲ့ နိုင်ကျဉ်းတွေပါတယ်။ ထောင် ပြောင်းတာက လူမဆန့်တော့လို့ဆိုတဲ့အကြောင်းပြချက်ကတော့ ယုတ္တိမရှိဘူး။ အခုလက်ရှိ မြိတ်အနေအထားက လည်း တိုက်ပွဲတွေခပ်စိပ်စိပ်ဖြစ်လာတာဆိုတော့ လုံခြုံရေးအရမသေချာတော့လို့ ပြောင်းတယ်လို့ပဲ မြင်ပါတယ်” ဟုဆိုသည်။
မြိတ်အကျဉ်းထောင်ရှိ အကျဉ်းသားများ၏ သုံးပုံနှစ်ပုံသည် အခြားသောဒေသများကဖြစ်ပြီး ယခုကဲ့သို့ ပြောင်းရွှေ့ လိုက်သည့်အတွက် အကျဉ်းသားများနှင့် ၎င်းတို့၏ မိသားစုဝင်များကြား ထောင်ဝင်စာပို့ဆောင်ရာ၌ ပိုပြီး အကြပ်အတည်းဖြစ်စေနိုင်သည်ဟု မြိတ်မြို့ဒေသခံ ၁ ဦးက ဆိုသည်။
“မြိတ်ထောင်မှာ အကျဥ်းကျနေတဲ့သူတွေရဲ့ သုံးပုံနှစ်ပုံလောက်က မြိတ်ကမဟုတ်ကြဘူး။ နီးစပ်ရာရွာတွေ၊ မြို့ တွေကဆိုတော့ သွားလာရခက်ခဲတာနဲ့ နိုင်ငံရေးအရလမ်းပန်းဆက်သွယ်ရေးခက်ခဲတာနဲ့ စီးပွားရေးကြပ်တည်း တာနဲ့ ပုံမှန်တောင်ပါဆယ်မပို့နိုင်ဘူး။ တချို့ဆို ပါဆယ်တောင် လုံးဝမလာတဲ့သူတွေရှိတယ်။ အခုဒီလိုအခြေနေမှာ ပိုပြီးထပ်ဝေးတဲ့နေရာကို ပြောင်းလိုက်တဲ့ခါကျတော့ မိသားစုဝင်တွေနဲ့ အကျဉ်းသားတွေရဲ့စိတ်ပိုင်းဆိုင်ရာကို သွားထိခိုက်စေတယ်။ အစကတည်းက ခက်ခဲနေပြီးသားအရာတစ်ခုကို ထပ်ပြီးခက်ခဲအောင်လုပ်လိုက်တာပေါ့” ဟု ဆိုသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း – AAPP ၏ထုတ်ပြန်ချက်အရ စစ်အာဏာသိမ်းပြီး ချိန်ကနေ ယခုနှစ်ဖေဖော်ဝါရီ ၁၄ ရက်အထိ နိုင်ငံရေးနှင့်ဆက်စပ်ပြီး ဖမ်းဆီးခံထားရသူ ၂၆,၀၉၃ ဦးရှိကာ ယင်းအထဲမှ ၈,၇၇၃ ဦး ထောင်ဒဏ်ချမှတ်ခံထားရသည်ဟု သိရသည်။
ဓာတ်ပုံ – PPNM
************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3368
YouTube – > https://youtu.be/eEaLA1Cu5r0
Website – > https://thanlwinkhet.net/?p=7717