ပြည်သူ့စစ်မှုထမ်းဥပဒေအပေါ် တပ်တွင်း ကန့်ကွက်မှုများ ရှိနေ
******************
သဇင်
ဖေဖော်ဝါရီ ၁၄ ၊ ၂၀၂၄။
” ပြည်သူ့စစ်မှုထမ်းဥပဒေ” ကို ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်ရှိ အောက်ခြေအဆင့် တပ်သားများနှင့်စစ်မှုထမ်းဟောင်းများက အချက် ၂ ချက်ဖြင့် စတင်ကန့်ကွက်နေသည်ဟု တပ်တွင်းသတင်းရင်းမြစ်ထံက သိရသည်။
ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်သားအသစ်များအား သာမန်စစ်မှုထမ်းသက် ၂ နှစ်ပြည့်လျှင် ထွက်ခွင့်ပြုထားသည့်အတွက် လက်ရှိတပ်မတော်သားများကိုလည်း ၂ နှစ်ပြည့်ရင် ထွက်ခွင့်ပေးရန်နှင့် အရာရှိသားသမီးများက နိုင်ငံခြားထွက်နေပြီး အောက်ခြေအဆင့်စစ်မှုထမ်းသား၊သမီးများသာ စစ်မှုထမ်းရမည်ဆိုသည့်အချက်ကို လက်မခံနိုင်ကြောင်း ၊ အရာရှိသားသမီးများကိုလည်း စံပြအနေဖြင့် စစ်မှုထမ်းခိုင်းရမည်ဟူသော အချက်များဖြင့် ကန့်ကွက်နေကြခြင်းဖြစ်သည်။
ပြည်သူ့စစ်မှုထမ်းဥပဒေတွင် အရွယ်ရောက်ပြီး နိုင်ငံသားတိုင်း စစ်မှုထမ်းရမည်ဖြစ်ပြီး စစ်တပ်အရာရှိသားသမီးများ စစ်မှုထမ်းရန်ကင်းလွတ်ခွင့်ပြုမည်ဆိုပါက ယင်းဥပဒေကို ထောက်ခံမည်မဟုတ်ဘဲ အတင်းအကြပ်လုပ်ဆောင်ပါက ဘက်ပြောင်းမည်ဟူသော အတိုက်အခံများဖြစ်ပေါ်နေသည်ဟု စစ်တပ်အသိုင်းအဝိုင်းနှင့် နီးစပ်သူ ၁ ဦး က သံလွင်ခက် ကို ပြောသည်။
“စစ်မှုထမ်းဟောင်းတွေ အောက်ခြေအဆင့်စစ်မှုထမ်းတွေရဲ့ သားသမီးတွေကိုကျတော့ စစ်မှုထမ်းဖို့ညွှန်ကြား တယ်။ အရာရှိသားသမီးတွေကျတော့ နိုင်ငံခြားကိုပို့နေပြီ။ ဒါကို သူတို့အနေနဲ့ကျတော့ မခံနိုင်ဘူး။ အဲတာ ကြောင့်မို့လို့ တပ်တွင်းမှာ အချင်းချင်းတွေကန့်ကွက်နေကြတယ်။ တရားဝင်စာထုတ်တဲ့အဆင့်မျိုးတော့ မရောက် သေးဘူး။ အချင်းချင်းတွေ မညီညွတ်ကြတော့ဘူး” ဟု ဆိုသည်။
အဘက်ဘက်က ဆုတ်ယုတ်လာသည့် စစ်ကောင်စီတပ်အနေဖြင့် စစ်အင်အားပြန်လည်ဖြည့်တင်းရန် ကြိုးစားနေသော်လည်း တစ်ဖက်တွင် တပ်တွင်းထောက်ခံမှုနည်းပါးသည့်အခြေအနေဖြင့် ရင်ဆိုင်နေရသည်ဟု CDM ဗိုလ်ကြီးညီသုတက ပြောသည်။
၎င်းက “ အခုနောက်ပိုင်း စစ်တပ်ရဲ့အခြေအနေက တော်တော်လေးကို ဆိုးဆိုးရွားရွားဖြစ်လာတဲ့အချိန်မှာ အရာရှိကြီးအဆင့်မပြောနဲ့ ပုံမှန်အရာရှိအဆင့်၊ အခြားအဆင့်တွေတောင်မှ သူတို့သားသမီးကို လုံးဝမထည့်ချင်ကြ ဘူး။ ခက်တာကဘာလဲ ဆိုတော့ သူတို့ရဲ့ အချက်အလက်တွေအကုန်လုံးက စစ်ကောင်စီဆီမှာ ရှိနေတယ်။ အဲ တော့ သူတို့က ဖိအားပေးအခံရဆုံးဖြစ်လာတာပေါ့။ အဲတော့ အဲ့လိုမျိုး ကိုယ်တိုင် စစ်မှုထမ်းရတာတောင်မဟုတ် ဘဲ သားသမီးတွေပါ စစ်မှုထမ်းရတာမျိုးဖြစ်လာတယ်ဆိုရင် ဒီစစ်တပ်က တရားမျှတမှုရှိလား၊ မရှိလား ဆိုတာ ပေါ်လွင်တာပဲ။ ဒါက တပ်ထဲမှာရှိတဲ့ အရာရှိတွေ စစ်သည်တွေ စစ်သားမိဘတွေ သူတို့စဉ်းစားဖို့အချိန်ပဲ ”ဟု ဆိုသည်။
ပုသိမ်မြို့နယ်အတွင်း ည ၉ နာရီနောက်ပိုင်း တွေ့ရှိသူများအားဖမ်းဆီးရန် စစ်ကောင်စီတပ်သားများနှင့် ရဲတပ်ဖွဲ့ဝင်များကို ညွှန်ကြားထားသည်ဟု ဒေသခံများထံက သိရှိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၂၊ ရက် ည ၁၀ နာရီကျော်ခန့်တွင် ပုသိမ်မြို့၊ ဘုရားကြီးကုန်းဘက်က ပြန်လာသည့် အလုပ်သမား ၃ ဦးဖမ်းဆီးခံခဲ့ရပြီး ယခုအချိန်ထိ အဆက်သွယ်ပြတ်တောက်နေသည်ဟု ဒေသခံများထံက သိရသည်။
************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3359
YouTube – > https://youtu.be/eEaLA1Cu5r0
Website – > https://thanlwinkhet.net/?p=7706