ထိုင်းရောက် ကော့ကရိတ်စစ်ရှောင်များ အလုပ်အကိုင်ရှားပါးမှုကြောင့် စားဝတ်နေရေးအခက်ကြုံ
************************************
နန်ဆုပန်ခန့်
ဖေဖော်ဝါရီ ၁၂၊ ၂၀၂၄။
ဒေသတွင်းတိုက်ပွဲများကြောင့် ထိုင်းနိုင်ငံကိုစစ်ရှောင်လာကြသည့် ကော့ကရိတ်စစ်ရှောင်များအနေဖြင့် အလုပ် အကိုင်ရှားပါးမှုကြောင့် စားဝတ်နေရေးအခက်အခဲများဖြင့် ရင်ဆိုင်နေရသည်။
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁ ရက်ကစတင်ခဲ့သည့် တိုက်ပွဲများကြောင့် ဒေသခံ များသည် ဖားအံ၊ ကျုံဒိုး၊ မြဝတီ စသည့်နေရာများအပါအဝင် ထိုင်းနိုင်ငံ ၊ မဲဆောက်မြို့ကိုလည်း မဲဆောက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။
ထိုသို့ထွက်ပြေးတိမ်းရှောင်လာသူများမှာ အလုပ်အကိုင်မရှိခြင်းကြောင့် အိမ်ငှားရမ်းခနှင့် မိသားစု စားဝတ်နေရေး အတွက် အခက်အခဲရှိများရှိနေသည်ဟု မဲဆောက်ဘက်ခြမ်းကို စစ်ရှောင်လာသည့် ကော့ကရိတ်စစ်ရှောင် အမျိုးသား ၁ ဦးကဆိုသည်။
တိမ်းရှောင်လာခဲ့သည့် ၂ လကျော်အထိ အလုပ်အကိုင်မရှိသေးသည့်အတွက် အိမ်ငှားရမ်းခနှင့် မိသားစုစားဝတ် နေရေးအတွက် အခက်အခဲများဖြစ်ပေါ်နေသည်ဟု မဲဆောက်ဘက်ခြမ်းကို စစ်ရှောင်လာသည့် ကော့ကရိတ်စစ် ရှောင် အမျိုးသား ၁ ဦးက သံလွင်ခက် သတင်းဌာနကိုပြောသည်။
၎င်းက “ ကိုယ့်အိုးအိမ်မရှိတော့ သူများအိမ်မှာ ငှားနေရတာပေါ့။ အလုပ်လည်းမရှိတော့ ကြုံရာကျပန်းလုပ်ပြီး နေ နေရတယ်။ မိသားစုတွေနဲ့ အလုပ်မရှိတဲ့အချိန်လည်းဖြစ်တယ်ဆိုတော့ မိသားစုစားဝတ်နေရေးအတွက် ပူရတာ ပေါ့။ အလုပ်ကတော့ အတည်တကျမရှိသေးဘူးလေ” ဟု ပြောသည်။
ကော့ကရိတ်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က မြို့တွင်းအပါအဝင် အနီးဝန်းကျင်ရှိကျေးရွာများကို လက်နက်ကြီး လက်နက်ငယ်များပစ်ခတ်ခြင်း၊ လေကြောင်းကတိုက်ခိုက်ခြင်းများ နေ့စဉ်နီးပါး ပြုလုပ်နေသည့်အတွက် ဒေသခံ များအနေဖြင့် နေရပ်ပြန်နိုင်ခြင်းမရှိပေ။
ဒေသခံများနေရပ် မပြန်နိုင်သည့်အချိန်တွင် လက်နက်ကြီး ကျရောက်မှုများအပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ မီးရှို့ဖျက်ဆီးမှုများကြောင့် ကော့ကရိတ်မြို့တွင်းရှိ နေအိမ်များ မကြာခဏ မီးလောင်မှုများဖြစ်ပွားလျက်ရှိသည်ဟု ဒေသခံများထံက သိရသည်။
မီးလောင်မှုများကြောင့် လက်ရှိအချိန်ထိ ကော့ကရိတ်မြို့ပေါ်တွင် လူနေအိမ် ၂၀၀ ကျော် မီးလောင်ပျက်စီးခဲ့ရပြီး ရပ်ကွက် ၅ ၌ နေအိမ်မီးလောင်မှုအများဆုံးဖြစ်သည်။
ကော့ကရိတ်တိုက်ပွဲအတွင်း ရပ်ကွက် ၅ တွင် မီး ၄ ကြိမ်လောင်ရာခဲ့ပြီ နေအိမ် ၆၀ ကျော်မီးလောင်ပျက်စီးခဲ့ရ သည်ဟု ဒေသခံများထံက သိရသည်။
ထိုကဲ့သို့ မီးလောင်မှုများကြောင့် ထိုင်းနယ်စပ်ရောက် စစ်ရှောင်များသည်လည်း ၎င်းတို့နေအိမ် မီးလောင်မည်ကို စိုးရိမ်ပူပန်နေရသည်ဟု အသက် ၄၀ ကျော်အရွယ် ကော့ကရိတ်အမှတ် ၅ ရပ်ကွက် ဒေသခံ ၁ ဦးက ဆိုသည်။
၎င်းက “ ဟိုနေရာလောင်လိုက်ပြန်ပြီ၊ ဒီနေရာလောင်လိုက်ပြန်ပြီ၊ ကိုယ့်အိမ်ပါနေပြီလား၊ ပါတော့မလား၊ ကိုယ့် အလှည့်ပဲရောက်တော့မလား စိုးရိမ်နေတဲ့ ပူပန်မှုကတစ်မျိုး။ ညညကျရင်မအိပ်နိုင်တာ အဲဒီ သောကတွေကပိုများ တယ်။ ကလေးကလည်းငယ်တော့ အိမ်မီးလောင်သွားရင်သွားပြီ၊ ကျွန်တော်တို့ဘဝက ” ဟု ဆိုသည်။
မြို့နယ်အုပ်ချုပ်ရေးအဖွဲ့၏ ၂၀၁၉ ခုနှစ် စက်တင်ဘာလကုန်အထိ ကောက်ယူထားသည့် စာရင်းများအရ ကော့ ကရိတ်မြို့တွင် အိမ်ထောင်စု ၆,၂၃၄ စု ရှိပြီး လူဦးရေ ၃၇,၉၄၁ ဦးရှိကာ လူဦးရေ အားလုံးနီးပါး စစ်ဘေး ရှောင်နေရသည်။
Photo – CJ
ပုံစာ – သေ့ဘောဘိုးစစ်ရှောင်စခန်းတွင်မြင်တွေ့ရသည့် ကောကရိတ်စစ်ရှောင်များ။
************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3310
YouTube – > https://youtu.be/eEaLA1Cu5r0
Website – > https://thanlwinkhet.com/?p=7358