ကောလင်းက ဆုတ်ခွာလာသည့် စစ်ကောင်စီတပ်များ ထပ်မံအင်အားဖြည့်တင်း
***********************
သံလွင်ခက်
ဖေဖော်ဝါရီ ၁၀ ၊ ၂၀၂၄။
စစ်ရေးရှုံးနိမ့်မှုကြောင့် စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ကနေ ပြန်လည်ဆုတ်ခွာလာရသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက အင်အားဖြည့်တင်းမှုများ ထပ်မံလုပ်ဆောင်နေသည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။
ကောလင်းမြို့နှင့် ၆ မိုင်ခန့်ဝေးကွာပြီး ကန့်ဘလူမြို့မြောက်ဘက် မိုင် ၄၀ ခန့်အကွာရှိ ကိုးတောင်ဘို့ရွာကို စစ်ကောင်စီတပ်က ယမန်နေ့တွင် စစ်ရဟတ်ယာဉ် ၂ စီးဖြင့် အင်အားဖြည့်တင်းမှုများ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ကန့်ဘလူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပ.က.ဖ အဖွဲ့တာဝန်ရှိသူ ၁ ဦးက သံလွင်ခက် သတင်းဌာန ကိုပြော သည်။
၎င်းက ” မနေ့တုန်းက ဟက်စကီးနဲ့ ၂ စီးလာချတယ်။ လက်နက်ချတာလား၊ လူချတာလားမသိဘူး။ ကွင်းပြင်ကြီး ထဲမှာဆိုတော့ ” ဟု ဆိုသည်။
စစ်ကောင်စီတပ်အနေဖြင့် ထိုကဲ့သို့ စစ်အင်အားဖြည့်တင်းမှုများလုပ်ဆောင်နေသော်လည်း ကောလင်းမြို့ထဲ ပြန်လည်ဝင်ရောက်နိုင်ခြင်းမရှိဟု ဒေသခံများထံက သိရသည်။
ဒေသခံ ၁ ဦးက ” သူတို့ အနီးကပ်ဆုံးဆိုရင် မြို့ရဲ့အနောက်ဘက် ၊ တောင်ဘက် ၁ မိုင် ဝန်းကျင်လောက် ရွာတွေ မှာပဲနေတာ။ ပြောမယ်ဆိုရင် ကောလင်းရပ်ကွက်လို့လည်းခေါ်တာပေါ့ဗျာ။ ၁ မိုင်လောက်လေး ဝေးတာဆိုတော့ မြို့အထွက်ပေါ့။ ကြားထဲမှာလည်း အိမ်တွေက ဆက်နေတာဆိုတော့ စပ်နေသလိုဖြစ်တာပေါ့ ” ဟု ဆိုသည်။
အမျိုးသားညီညွတ်ရေးအစိုးရ – NUG က သိမ်းပိုက်ထားသည့် ကောလင်းမြို့ကို စစ်ကောင်စီက မြေပြင်၊ ဝေဟင် တို့ကနေ၍ အင်အားအလုံးအရင်းဖြင့် ဖေဖော်ဝါရီ ၃ ရက်ကတည်းက ထိုးစစ်ဆင်ခဲ့ရာ တိုက်ပွဲပြင်းထန်ခဲ့သည်။
ဖေဖော်ဝါရီ ၈ရက်တွင် ကောလင်းမြို့မြောက်ဘက်ရှိ စစ်ကောင်စီတပ်စစ်ကြောင်းတချို့က ကောလင်းမြို့တွင်းသို့ ထိုးဖောက်ဝင်ရောက်လာခဲ့သောကြောင့် ပြင်းထန်ထိတွေ့မှုများ ညပိုင်းထိ ဖြစ်ပွားခဲ့သည်။
တိုက်ပွဲအတွင်း ထိခိုက်ကျဆုံးမှုများနှင့် ရင်ဆိုင်ခဲ့ရသော စစ်ကောင်စီတပ်သားများသည် မြို့မြောက်ဘက်ကပ်ရက်ရှိ စိုင်းဒူးရွာနှင့် ကျွန်းလှခုံရွာများဘက်ကို ပြန်ဆုတ်သွားသည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။
ထို့ပြင် စစ်ကောင်စီတပ်က ကောလင်းမြို့ကိုပြန်လည်တိုက်ယူရန် ကောလင်းမြို့နှင့် ၆ မိုင်ခန့် အကွာအဝေးရှိသည့် ကိုးတောင်ဘို့ရွာရှိ တပ်စခန်းများနှင့် ဝန်းသိုမြို့ကို ရဟတ်ယာဉ်များဖြင့် စစ်အင်အားဖြည့်တင်းမှုများ အကြိမ်ကြိမ် လုပ်ဆောင်ခဲ့သည်။
ကောလင်းမြို့ကို စစ်ကောင်စီက မြို့၏တောင်ဘက်ရှိကိုးတောင်ဘို့ဘက်က ရဟတ်ယာဉ်များဖြင့် ချပေးမှုများ အပါအဝင် အင်အား ၅၀၀ နီးပါးရှိ စစ်ကြောင်းများနှင့် မြို့မြောက်ဘက် ဝန်းသိုဘက်ကနေလာသည့် အင်အား ၃၀၀ ကျော်ရှိ စစ်ကြောင်းများဖြင့် ထိုးစစ်ဆင်နေခြင်းဖြစ်သည်။
ထိုကဲ့သို့ စစ်ကြောင်းအင်အားအများအပြား၊ လက်နက်ကြီးပစ်ကူအများအပြားတို့ဖြင့် မြေပြင်က ထိုးစစ်ဆင်နေသည့်အပြင် လေကြောင်းကလည်း နေ့စဉ်နီးပါး ပစ်ကူပေး၍ ထိုးစစ်ဆင်နေသည်။
ကောလင်းမြို့ကို စစ်ကောင်စီဘက်က အင်အားအလုံးအရင်းဖြင့် ဖိနေသောကြောင့် ကန့်ဘလူဘက်တွင် စစ် ကောင်စီနှင့်ပျူစောထီးများတပ်စွဲထားသည့် ချပ်သင်းရွာကို ပူးပေါင်းတပ်များက ထိုးစစ်ဆင်တိုက်ခိုက်နေသလို ကျွန်းလှဘက်တွင်လည်း အင်အား ၂၀၀ ဝန်းကျင်ရှိစစ်ကြောင်း ရှေ့ဆက်မလာနိုင်ရန် ပိတ်ဆို့တိုက်ခိုက်မှုများ ပြုလုပ်နေသည်ဟု ကန့်ဘလူ ပကဖ တပ်ဖွဲ့ဝင်များထံက သိရသည်။
ဖေဖော်ဝါရီ ၇ ရက်နှင့် ၈ ရက် ၂ ရက်ပေါင်းတွင် ကန့်ဘလူမြို့နယ်၊ ချပ်သင်းရွာနှင့် အနီးတဝိုက်ရွာများကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ၇ ကြိမ်ပြုလုပ်ခဲ့သည်ဟု ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများ အဖွဲ့က ထုတ်ပြန်ထားသည်။
စစ်ရေးအရအရေးပါပြီး ခရိုင်မြို့ကြီး ၁ မြို့ဖြစ်သော ကောလင်းမြို့ကို ပြီးခဲ့သည့် နိုဝင်ဘာလ ၆ ရက်တွင် ပူးပေါင်း တပ်များက သိမ်းပိုက်ခဲ့သဖြင့် စစ်ကောင်စီက မကြာခဏတိုက်ခိုက်နေရာ ယခုအကြိမ်တွင် အင်အားအလုံးအရင်း ဖြင့် ပြန်လည်ထိုးစစ်ဆင်နေခြင်းဖြစ်သည်။
ပုံစာ – ကန့်ဘလူမြို့သို့ ရောက်ရှိလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ / ပုံဟောင်း
************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3298
YouTube – > https://youtu.be/eEaLA1Cu5r0
Website – > https://thanlwinkhet.net/?p=7602