ကိုးတန်ကောက်နယ်ခြားစောင့်စခန်းအား AA သိမ်းပိုက်
********************************
သံလွင်ခက်
ဖေဖော်ဝါရီ ၁၀ ၊ ၂၀၂၄ ။
ရက္ခိုင်ပြည်၊ ရသေ့တောင်မြို့နယ်၊ အနောက်တောင်ပိုင်း၊ အငူမော်-မောင်တောကားလမ်းမဘေးရှိ စစ်ကောင်စီ၏ “ကိုးတန်ကောက်နယ်ခြားစောင့်စခန်း” အား ရက္ခိုင်တပ်တော် AA က သိမ်းပိုက်လိုက်နိုင်သည်ဟု သိရသည်။
အဆိုပါ စခန်းအား ယမန်နေ့ ဖေဖော်ဝါရီ နံနက် (၁၁) နာရီ (၄၅) မိနစ်အချိန်တွင် ရက္ခိုင့်တပ်တော်မှ စခန်းတစ်ခုလုံးအား နှစ်ရက်တာထိုးစစ်အပြီး၌ အပြီးသတ်ချေမှုန်းသိမ်းပိုက်နိုင်ခဲ့ပြီဖြစ်သည်ဟု ညီနောင်မဟာမိတ် ၃ ဖွဲ့က သတင်းထုတ်ပြန်သည် ။
ထို့ပြင် မောင်တောမြို့နယ်မြောက်ပိုင်းရှိ ကြိမ်ချောင်းကျေးရွာအနီး၌ စစ်ကောင်စီ၏ “ကြိမ်ချောင်း နယ်ခြားစောင့်စခန်း (တစ်နည်း) နခခ (၇)” သည် လက်နက်ချအညံ့မခံသောကြောင့် စတင်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်ဟု ဆိုသည် ။
အဆိုပါစခန်းသည် စစ်ကောင်စီမှ နှစ်ရှည်လများအခြေချတပ်စွဲထားကာ အရပ်သားပြည်သူများနေထိုင်ရာနေရာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်လေ့ရှိသည့် စခန်းများထဲမှ တစ်ခုဖြစ်သည်။
လက်နက်ချအညံ့မခံသောစခန်းတိုင်းအား ယခင်စခန်းများနည်းတူ ထိုးစစ်ဆင်တိုက်ခိုက်သွားမည်ဖြစ်သည်ဟု ညီနောင်မဟာမိတ် ၃ ဖွဲ့က သတိပေးထုတ်ပြန်ထားသည် ။
ဆက်စပ်သတင်းအနေဖြင့် မြောက်ဦးရှိ စစ်ကောင်စီ၏လက်ကျန်တစ်ခုတည်းဖြစ်တော့သည့် ပြည်သူလူထုနှင့် ရှေးဟောင်း သမိုင်းဝင်အမွေအနှစ်များအား နှစ်ရှည်လများ ဒုက္ခပေးလာခဲ့သော “ရဲတပ်ရင်း (၃၁)” အား ရက္ခိုင့်တပ်တော်မှ အပြီးသတ်ထိုးစစ်ဆင်တိုက်ခိုက်နိုင်ခဲ့သည်ဟု ညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်သည်။
အဆိုပါ တပ်ရင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ကျော်လည်း အလင်းဝင်ရောက်မှုများရှိခဲ့သည်ဟု ဒေသခံတချို့နှင့် ရက္ခိုင့်တပ်တော် AA နှင့်နီးစပ်သူများကပြောသည် ။
ရခိုင်ပြည်နယ် စစ်ဆင်ရေးအတွင်း အထိနာနေသော စစ်ကောင်စီသည် ရသေ့တောင်မြို့နယ်၊ မယူကမ်း၊ မင်းဖူး၊ အောင်မင်း၊ ကျေးတပင်၊ အောင်ဆိပ်နှင့် သံချောင်းကျေးရွာများသို့ ရသေ့တောင်အခြေစိုက် “ခမရ (၅၃၇)” တပ်ရင်းမှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး တစ်ချိန်တည်း၌ပင် ဂျက်ဖိုက်တာဖြင့်လည်း လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။
************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3298
YouTube – > https://youtu.be/eEaLA1Cu5r0
Website – > https://thanlwinkhet.net/?p=7602