၂၀၀၈ ခြေ/ဥ အပြီးတိုင်ဖျက်သိမ်းလျှင် စစ်ကောင်စီနှင့်ဆွေးနွေးမည်ဟု NUG ဆို
****************************
ယမင်းဖူးပွင့်အောင်
ဇန်နဝါရီ ၃၁၊ ၂၀၂၄။
အမျိုးသားညီညွတ်ရေးအစိုးရ – NUG သည် အာဏာလွှဲပြောင်းခြင်းဆိုင်ရာကိစ္စရပ်များကို စစ်ကောင်စီနှင့် ဆွေး နွေးမည်ဟု ထုတ်ပြန်လိုက်သည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြီးတိုင်ဖျက်သိမ်းရန်နှင့် ယင်းကိုပြန်လည်အသက်သွင်းရန် ကြိုးပမ်းမှုမှန်သမျှ ကို တိုက်ဖျက်ရန်လက်ခံလျှင် စစ်ကောင်စီနှင့် ဆွေးနွေးမည်ဟု ယနေ့ ဇန်နဝါရီလ ၃၁ ရက် နံနက်ပိုင်းတွင် NUG က ထုတ်ပြန်သည်။
မြန်မာစစ်တပ်အနေဖြင့် ဦးတည်ချက် ၆ ရပ်ကိုလက်ခံလျှင် စစ်အာဏာသိမ်းမှုအဆုံးသတ်ခြင်းနှင့် အေးချမ်း တည်ငြိမ်စွာအာဏာလွှဲပြောင်းခြင်းဆိုင်ရာ ကိစ္စရပ်များအတွက် ဆွေးနွေးသွားမည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြ ထားသည်။
အဆိုပါထုတ်ပြန်ချက်သည် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည် ဆောက်ရေးအတွက် အတူတကွ လက်တွဲတော်လှန်တိုက်ပွဲဝင်နေကြသောအဖွဲ့များ၏ ဘုံသဘောထားရပ်တည် ချက်ဖြစ်ပြီး NUG က ယနေ့နံနက်ပိုင်းတွင် ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။
ထုတ်ပြန်ချက်တွင် စစ်အာဏာသိမ်းထားမှုကိုဖယ်ရှားပြီး မြန်မစစ်တပ်၏နိုင်ငံရေး၌ပါဝင်နေမှုကို အဆုံးသတ်ရန်၊ လက်နက်ကိုင်တပ်ဖွဲ့အားလုံးကို ဒီမိုကရေစီနည်းကျရွေးကောက်တင်မြှောက်ထားသည့် အရပ်သားအစိုးရ၏ စီမံ အုပ်ချုပ်မှုအောက်၌ အပြည့်အဝထားရှိရန်၊ သက်ဆိုင်သူများအားလုံးလက်ခံနိုင်သော ဖက်ဒရယ်နှင့် ဒီမိုကရေစီ စနစ်ကိုအခြေခံသည့် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲပြဋ္ဌာန်းရန်၊ ထွက်ပေါ်လာသော ဖက်ဒရယ်ဒီမိုကရေစီ အခြေခံ ဥပဒေနှင့်အညီ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအသစ်အား တည်ထောင်ရန်ကိုလည်း စစ်ကောင်စီက လက်ခံရမည်ဖြစ်သည်ဟု ဖော်ပြထားသည်။
ပဋိပက္ခအတွင်း မတရားကျူးလွန်ခံရသူများအတွက် တရားမျှတမှုရရှိရေးနှင့် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုရရှိရေးလုပ်ငန်းစဉ်ကိုဖော်ဆောင်ရန်လည်း လက်ခံရမည်ဟု ထုတ်ပြန်ချက်က ဆိုသည်။
ထုတ်ပြန်ချက်တွင် မြန်မာစစ်တပ်၏ အာဏာသိမ်းမှုကို အကြွင်းမဲ့ဆန့်ကျင် ရှုံ့ချထားသလို စစ်တပ်သည် အနာဂတ် နိုင်ငံရေးလုပ်ငန်းစဉ်တွင်ပါဝင်ခွင့်မရှိစေရဟုလည်း ဖော်ပြထားသည်။
*****************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3200
YouTube – > https://youtu.be/cZ9bsHWX2EU
Website – > https://thanlwinkhet.net/?p=7412