တနင်္သာရီတိုင်းတွင် ပထမဆုံးစခန်းသိမ်း
အောင်ပွဲရရှိလာ
*********************************
သဇင်
ဇန်နဝါရီ ၂၇၊၂၀၂၄။
တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်အတွင်းရှိ ကျောက်ထုစစ်ဆင်ရေးခြေကုပ်စခန်းကို တနင်္သာရီအခြေစိုက် ပြည်သူ့ကာကွယ်ရေးပူပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည် ဟု အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ယမန်နေ့တွင်ထုတ်ပြန်သည် ။
ကျောက်ထုစခန်းကို ဇန်နဝါရီ ၂၃ရက် မွန်းလွဲ၃နာရီခွဲခန့်တွင် စတင်တိုက်ခိုက်ခဲ့ပြီး ဇန်နဝါရီ၂၄ရက် မွန်းလွဲ ၂နာရီခွဲခန့်တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ စခန်းသိမ်းတိုက်ပွဲအတွင်း၌ စစ်ကောင်စီတပ်ဖွဲ့ဝင်၁၅ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့ကာ ၇ ဦးကို အရှင်ဖမ်းမိခဲ့သည် ။
ထို့ပြင် MA-1 (၄) လက်၊ MA-2 (၂)လက်၊ MA-3 (၆) လက်၊ MA-4 (၁) လက်၊ MA-5 (၁) လက်၊ ငါးကြင်းမြီး (လက်၊ ငါးကြင်းမြီး ကျည်ကဒ် (၁) ခု၊ ငါးကြင်းမြီး ပြောင်းပို (၁) ခု၊ RPG (၁) လက်၊ RPG ကျည် (၅) လုံး၊ RPG ပို့ယမ်း (၃) တောင့်၊ စကစကျည်ဘောက် (၃၃) ဘောက်၊ (၆၀) မမ ကွန်မန်ဒိုစိန်ပြောင်း (၂) လက်အပါအဝင် လက်နက်ခဲယမ်းများစွာသိမ်းဆည်းရရှိခဲ့သည်ဟု ထုတ်ပြန်ထားသည်။
ထိုစခန်းသိမ်းတိုက်ပွဲကို တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဖြစ်သော ထားဝယ်ခရိုင် T1 စစ်ကြောင်း၊ T5 စစ်ကြောင်းနှင့် ဒေါင်းမင်းစစ်ကြောင်း ပူပေါင်းတပ်များ၊ ကရင် အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) တပ်မဟာ ၄ ၊ တပ်ရင်း ၁၂ ၊ KNLA တပ်မဟာ ၆၊ တပ်ရင်း ၂၇ တို့က တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။
ကျောက်ထုစစ်ဆင်ရေးခြေကုတ်စခန်းသည် ရေဖြူမြို့နယ်၊ကံပေါက်ဒေသအခြေစိုက် ခလရ၂၇၃တပ်ရင်း စခန်းတစ်ခုဖြစ်ပြီး တနင်္သာရီတိုင်းအတွင်း တော်လှန်ရေးတပ်များက ပထမဆုံးအကြိမ်သိမ်းပိုက်နိုင်ခဲ့သောစခန်းဖြစ်သည်။
ပုံစာ-ကျောက်ထုစစ်ဆင်ရေးခြေကုတ်စခန်းသိမ်းတိုက်ပွဲအတွင်း သိမ်းပိုက်ရရှိခဲ့သောလက်နက်ခဲယမ်းများ။
ဓာတ်ပုံ-MOD
*****************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3163
YouTube – > https://youtu.be/cZ9bsHWX2EU
Website – > https://thanlwinkhet.net/?p=7314