ကျောက်ကြီးမြို့နယ်က စစ်ရှောင်များကို စစ်ကောင်စီဖမ်းဆီး
*************
သံလွင်ခက်
ဇန်နဝါရီ ၂၇ ၊၂၀၂၄။
ကရင်အမျိုးသားအစည်းအရုံး – KNU နယ်မြေ ညောင်လေးပင်ခရိုင် (ခလယ်လွီထူခရိုင်)၊ ကျောက်ကြီးမြို့နယ် (လယ်ဒိုမြို့နယ်)တွင် ကျေးရွာသို့ရိက္ခာပြန်ယူသည့် စစ်ဘေးရှောင် ပြည်သူ ၁၇ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီး ထားသည် KNU ဗဟိုက ယနေ့တွင်ထုတ်ပြန်သည်။
ဇန်နဝါရီလ ၂၀ ရက် နံနက် ၈ နာရီဝန်းကျင်တွင် အနန်းဘော်ကျေးရွာက စစ်ဘေးရှောင် ပြည်သူ ၁၇ ဦးသည် ရိက္ခာပြန်ယူရန်အတွက် ရွာသို့ပြန်ဝင်ချိန်၌ အနန်းဘော်ရွာနှင့် ကုန်းချောင်းဝရွာကြားရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ၏ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
ဖမ်းဆီးခံရသူ စုစုပေါင်း ၁၇ ဦး ရှိသည့်အနက် ဒေသခံသားအမိ ၂ ဦးသည် ယခုအချိန်အထိ ပျောက်ဆုံးနေဆဲ ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ဖမ်းဆီးခံရသူများသည် ၁ – ဦးမြင့်အောင်၊ ၂ -ဦးတင်စိုး၊ ၃ -ဦးကိုဖြိုး၊ ၄ -ဦးထွန်းကြည်၊ ၅ -ဒေါ်စန်းတင်၊ ၆ – ဒေါ်ရွှေအိ၊ ၇ – ဒေါ်ခင်ဌေး၊ ၈ – ဒေါ်သန်းဦး၊ ၉ – မအေးသိန်းဦး၊ ၁၀ – မထားထားနွယ်၊ ၁၁ – ဒေါ်ပေါရီ၊ ၁၂ -မမြစံပယ်၊ ၁၃ – မနှင်းသက်ခိုင်၊ ၁၄ – ဦးအောင်ဝင်း၊ ၁၅ -ကိုချစ်ပြည့်စုံ တို့ဖြစ်ပြီး ပျောက်ဆုံးနေသည့် သား အမိ ၂ ဦးမှာ ဒေါ်သင်းသင်းနှင့် သား မောင်စန်းလင်းတို့ဖြစ်သည်ဟု KNU ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်းခံထားရသူအားလုံးသည် ယခုအချိန်အထိ ဖမ်းဆီးခံထားရဆဲဖြစ်သည်ဟု KNU ကဆိုသည်။
ထို့ပြင် ဇန်နဝါရီ ၂၅ ရက် ည ၁၀ နာရီတွင် ပဲနွယ်ကုန်းမြို့၊ ရွှေဝါကျေးရွာ၌ အခြေစိုက်ထားသည့် ခမရ – ၃၀၇ တပ်ရင်းက ကျောင်းစိုးကျေးရွာကို လက်နက်ကြီးအလုံး ၃၀ ကျော် ပစ်ခတ်ခဲ့သည့်အတွက် ကျေးရွာအတွင်းရှိ နေအိမ် ၁၆ လုံး မီးလောင်ပျက်စီးခဲ့သည်ဟု KNU က ထုတ်ပြန်ထားသည်။
ဓာတ်ပုံ – KNU။
ပုံစာ – ညောင်လေးပင်ခရိုင်အတွင်းက ဒေသခံများ စစ်ရှောင်နေသည့်မြင်ကွင်း/ ပုံ – အဟောင်း။
*****************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3153
YouTube – > https://youtu.be/cZ9bsHWX2EU
Website – > https://thanlwinkhet.net/?p=7299