ကေအဲန်ယူတပ်မဟာ ၂ နယ်မြေအတွင်း စစ်ကောင်စီတပ်များ စခန်း ၃ ခု စွန့်ခွာထွက်ပြေး
*******************************
သံလွင်ခက်
ဇန်နဝါရီ ၂၇ ၊ ၂၀၂၄ ။
ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ တောအူး(တောင်ငူ)ခရိုင်၊ တပ်မဟာ (၂) နယ်မြေအတွင်း တပ်စွဲထားသော
စစ်ကောင်စီတပ်များ စခန်း ၃ ခုစွန့်ခွာထွက်ပြေးခဲ့သည်ဟု ကေအဲန်ယူဗဟိုက ယနေ့တွင် သတင်းထုတ်ပြန်သည် ။
စစ်ကောင်စီ၏ စကခ (၂၀) လက်အောက်ရှိ ခမရ−၅၂၈ နှင့် ခမရ−၅၉၃ တပ်စခန်းများဖြစ်သော
ထီးတော်ပယ် (ထင်းရှူးတောင်) စခန်း၊ ဘူဆာခီးစခန်း၊ နှင့် သီးမူပေါ်စိုးစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ယခု ဇန်နဝါရီလ ဒုတိယအပတ်တွင်း၌ စခန်းများစွန့်ခွာခဲ့ခြင်းဖြစ်သည် ။
တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ စွန့်ခွာပြီး ထွက်ပြေးသွားခဲ့ပြီးနောက် ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) တပ်ရင်း (၄) နှင့် တပ်မဟာအထူး တပ်ဖွဲ့တို့က ဇန်နဝါရီ ၂၀ ရက်တွင် နယ်မြေသွားရောက်ရှင်းလင်းခဲ့သည် ။
ဘူဆာခီးစခန်းနှင့် ထီးကော်ပယ်စခန်းတို့သည် ကော်သူးလေအတွင်းသို့ ၁၉၉၅ ခုနှစ်၊လနိုဝင်ဘာလတွင် ဝင်ရောက်တပ်စွဲခဲ့ခြင်းဖြစ်ပြီး ၂၉ နှစ်နီးပါးအကြာ၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဆုတ်ခွာသွားခြင်းဖြစ်သည်။
” ရိက္ခာဖြတ်တောက်ခံရလို့ပြန်ဆင်းတာကတကြောင်းပေါ့ “၁၀၂၇” “၁၁၁၁” စစ်ဆင်ရေးတွေရဲ့ နောက် ဆက်တွဲနဲ့ တောင်ငူမြို့နားအထိ မိမိတို့ရဲ့တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ပွဲများပိုမိုဖော်ဆောင်လာနိုင်တဲ့ အတွက် မြို့တွင်းနောက်တန်းစခန်းများမှာ အင်းအားပြန်လည်စည်းရုံးတာလည်းပါနိုင်တယ် ” ဟု တောအူး ခရိုင်ပြောရေးဆိုခွင့်ရှိသူကပြောသည်။
ထီးထော်ပယ်စခန်းသည် တပ်မဟာ (၂) နှင့် တပ်မဟာ (၅) နယ်စပ် တပ်မဟာ (၂) နယ်မြေတွင်တည်ရှိပြီး
လအတန်အကြာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) နှင့် ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) တို့၏ ရိက္ခာဖြတ်တောက်ထားခြင်းခံခဲ့ရသော တပ်စခန်းများဖြစ်သည်။
ဘူဆာခီးစခန်းသည် စစ်ကောင်စီတပ်မှ ဗျူဟာမှူးထိုင်သော နဗဟ−၂ စခန်း ဖြစ်ပြီး ၂၀၂၃ ခုနှစ် မေလတွင် ဘူဆာခီးစခန်းသို့ မြေပြင်လမ်းကြောင်းမှ ရိက္ခာပို့ဆောင်ရန်လာသည့် စစ်ကောင်စီတပ်များအား တပ်မဟာ (၂) မှ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ တပ်ရင်းမှူး ဗညားအောင် သေဆုံးခဲ့ရသည်။
ထို့နောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ မြေပြင်လမ်းကြောင်းမှ ရိက္ခာပို့ဆောင်၍ မရသောကြောင့် လေကြောင်းဖြင့်သာ ရိက္ခာပို့နေရသော စခန်းဖြစ်သည်။
ပုံစာ − စစ်ကောင်စီတပ်များစွန့်သွားသည့် စခန်းများအား ရှင်းလင်းရေးပြုလုပ်နေမှု။
*****************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3123
YouTube – > https://youtu.be/cZ9bsHWX2EU
Website – > https://thanlwinkhet.net/?p=7221