၂၀၂၃ ခုနှစ်အတွင်း ကော်သူးလေနယ်မြေတွင် စစ်ကောင်စီကလူ့အခွင့်အရေး ၁၈ မျိုးထက်မနည်းကျူးလွန်
*****************************
နန်းဆုပန်ခန့်
ဇန်နဝါရီလ ၁၉ ၊ ၂၀၂၄။
၂၀၂၃ ခုနှစ်အတွင်း ကော်သူးလေအုပ်ချုပ်နယ်မြေတွင် စစ်ကောင်စီတပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုပေါင်း ၁၈ မျိုးထက်မနည်းရှိခဲ့သည်ဟု ကေအဲန်ယူဗဟိုက ယမန်နေ့တွင်ထုတ်ပြန်သည်။
၂၀၂၃ ခုနှစ် တစ်နှစ်တာကာလအတွင်း ကေအဲန်ယူ − ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ် နယ်မြေ၌ စစ်ကောင်စီတပ်များက ၎င်းတို့အာဏာဆက်လက်တည်မြဲရေးနှင့် နယ်မြေထိန်းချုပ်နိုင်ရေးအတွက် လူ့ အခွင့်အရေးချိုးဖောက်မှု အမျိုးအစား ၁၈ မျိုး ထပ်မနည်း ကျူးလွန်ခဲ့ကြောင်း ကေအဲန်ယူ − ကရင်အမျိုးသား အစည်းအရုံး၊ သတင်းနှင့်ပြန်ကြားရေးဗဟို၏ မှတ်တမ်းအချက်အလက်များအရ သိရသည်။
စစ်ကောင်စီတပ်များကကျူးလွန်ခဲ့သော လူ့အခွင့်အရေးချိုးဖောက်မှုများတွင် ပြည်သူလူထုအား လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း ၊ ပြည်သူလူထုအသုံးပြုသောလမ်းများတွင် မိုင်းထောင်ခြင်း၊ လူသား ဒိုင်းအဖြစ်ဖမ်းဆီးခေါ်ဆောင်ခြင်း စသည်တို့ပါဝင်ပြီး ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း စစ်ကောင်စီတပ်သည် လူအခွင့်အရေးချိုးဖောက်မှု အမျိုးအစား ၁၈ မျိုးအား အကြိမ်ရေ ၃,၁၂၅ ကြိမ်ထပ်မနည်းကျူးလွန်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန်ကစ၍ ၂၀၂၃ ခုနှစ်ကုန်အထိ စစ်ကောင်စီ၏လူ့အခွင့်အရေးချိုးဖောက်မှုများ ကြောင့် ဒေသခံပြည်သူ ၁၉၇ ဦး အကြောင်းမဲ့ဖမ်းဆီးခံခဲ့ရပြီး ၁၉၅ ဦးအသက်သေဆုံးခဲ့ရ၍ ၆၆၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ရသည်။
စစ်ကောင်စီတပ်များ၏ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ခရစ်ယာန်ဘုရားကျောင်း ၁၈ ကျောင်း၊ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း ၂၅ ကျောင်း၊ ဗလီကျောင်း ၁ ကျောင်း၊ စာသင်ကျောင်း ၁၆ ကျောင်း၊ ဆေးပေးခန်း ၂ လုံး၊ ဆေးရုံ ၅ လုံး၊ ပြည်သူပိုင်အဆောက်အအုံ ၉၁ လုံး၊ စိုက်ပျိုးခြံ ၁၁ ခြံ၊ နေအိမ် ၁,၈၆၉ လုံး ထက်မနည်း ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရသည်ဟုလည်း ထုတ်ပြန်ထားသည်။
ဓာတ်ပုံ – ကေအဲန်ယူဗဟို။
ပုံစာ – စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုအမျိုးအစားစာရင်း။
******
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3079
YouTube – > https://youtu.be/LsSx5mAIttA?si=cQ389gohgAYNfmVR
Website – > https://thanlwinkhet.net/?p=7138