မဟာမိတ်တပ်များကို ဘာသာရေးအကြမ်းဖက်ဟုစွပ်စွဲထားသည့်စစ်ကောင်စီက လက်ခတ်တောင်ရှိစေတီများကို ဗုံးကြဲ
*************************
နန်းဆုပန်ခန့်
ဇန်နဝါရီ ၁၉၊ ၂၀၂၄။
ညီနောင်မဟာမိတ် ၃ ဖွဲ့သည် ဘာသာရေးအကြမ်းဖက်များဖြစ်သည်ဟု ပြီးခဲ့သည့် ဇန်နဝါရီလ ၁၀ ရက်တွင် စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောဆိုထားသော်လည်း ဇန်နဝါရီလ ၁၈ ရက်မှာတော့ လက်ခတ်တောင်ရှိ စေတီများအား စစ်ကောင်စီက လေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ၄ မိုင်အကွာရှိ လက်ခတ်တောင်စခန်းကုန်းကို ယမန်နေ့ ဇန်နဝါရီလ ၁၈ ရက်၊ ည ၈ နာရီ မိနစ် ၂၀ အချိန်ခန့်တွင် စစ်ကောင်စီကလေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံး ၂ လုံးကြဲချ တိုက်ခိုက်ခဲ့ သဖြင့် လက်ခတ်တောင်ရှိစေတီများ ပျက်စီးခဲ့သည်ဟု မြေပြင်ရဲဘော်များထံကသိရသည်။
စစ်ကောင်စီက လက်ခတ်တောင်ရှိ စေတီ၊ ပုထိုးများနှင့် ဗုဒ္ဓသာသနိကဆိုင်ရာအဆောက်အအုံများကို တိုက်ခိုက်နေသော်လည်း စစ်ကောင်စီပြောရေးဆိုခွင့် ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်း ကမူ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့သည် ဘာသာ တရားအပေါ် အကြမ်းဖက်လုပ်ရပ်များ ဆောင်ရွက်နေသည်ဟု ဇန်နဝါရီ ၁၀ ရက်က စွပ်စွဲပြောဆိုခဲ့သည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၈ ရက်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်ဒေသ၊ စီအောကျေးရွာ၏မြောက်ဘက် ဆင်ဦးကင်းတောင်တွင်တည်ထားသည့် စေတီတစ်ဆူအား MNDAA တပ်ဖွဲ့ဝင်တစ်ဦးက ဖျက်ဆီးနေသည့်ရုပ်သံ လူမှုကွန် ရက်စာမျက်နှာများပေါ် ပျံနှံလာခဲ့သည့်အတွက် စစ်ကောင်စီက အထက်ဖော်ပြအတိုင်းစွပ်စွဲခဲ့ခြင်းဖြစ်သည်။
၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၄ ရက်ကလည်း မူဆယ်မြို့အဝင်ရှိ ရပ်တော်မူဘုန်းကြီး ကျောင်း ဒရုန်းဖြင့်တိုက်ခိုက်ခံခဲ့ရသည်ဟုး စစ်ကောင်စီကစွပ်စွဲခဲ့သေးသည်။
ဆင်ဦးကင်းတောင်တွင်တည်ထားသည့်စေတီ ၁ ဆူအား MNDAA တပ်ဖွဲ့ဝင် ၁ ဦးက ဖျက်ဆီးခဲ့သည့်လုပ်ရပ်သည် ညီနောင်မဟာမိတ် ၃ ဖွဲ့၏ ဘာသာရေးအကြမ်းဖက်မှုများဖြစ်သည့်အပြင် မြန်မာနိုင်ငံအတွင်းရှိ ဗုဒ္ဓဘာသာဝင်များကိုသာမက ထိုင်း၊ သီရိလင်္ကာ၊ လာအို၊ ကမ္ဘောဒီးယား၊ အိန္ဒိယ၊ တရုတ်နိုင်ငံများအပါအဝင် ကမ္ဘာပေါ်မှာရှိသည့် ဗုဒ္ဓဘာသာဝင်များကို စော်ကားလိုက်ခြင်းဖြစ်သည်ဟု စစ်ကောင်စီက ပြောဆိုခဲ့သည်။
ဘာသာရေးကိုဆန့်ကျင်ရန်နှင့် ဘာသာရေးအဆောက်အအုံများကိုဖျက်ဆီးရန် MNDAA က အမိန့်ပေးညွှန်ကြားတာမျိုး လုံးဝမရှိခဲ့ကြောင်းနှင့် လောက်ကိုင်ဒေသရှိစေတီအား တပ်ဖွဲ့ဝင် ၁ ဦးက ဖျက်ဆီးခဲ့ခြင်းသည် ပုဂ္ဂိုလ်ရေးအရဆောင်ရွက်ချက်သာဖြစ်ကြောင်း MNDAA အဖွဲ့က ဇန်နဝါရီ ၉ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။
အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဘာသာရေးအဆောက်အအုံများကို ပစ်မှတ်ထားတိုက်ခိုက်မှုများရှိနေပြီး ဘာသာရေးအဆောက်အအုံ ၇၆ လုံး တိုက်ခိုက်ခံခဲ့ရသည်ဟု ဇန်နဝါရီ ၉ ရက်တွင် NUG က ထုတ်ပြန်ထားသော်လည်း NUG ၏ ထုတ်ပြန်ချက်ကိုမူ စစ်ကောင်စီက တစုံတရာတုံ့ပြန်ခြင်းမရှိသေးပေ။
စစ်ကောင်စီသည် စေတီပုထိုးများဖြင့်ပြည့်နှက်နေသည့်လက်ခတ်တောင်ကို ဇန်နဝါရီလ ၁၆ ရက်၊ ညနေ ၅ နာရီတွင် ၁ ကြိမ်၊ ၁၇ ရက် မွန်းလွဲ ၁ နာရီတွင် ၁ ကြိမ်နှင့် ယမန်နေ့ ည ၈ နာရီကျော်တွင် ၁ ကြိမ် ၃ ရက်ဆက်တိုက် လေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၁၆ ရက်နှင့် ၁၇ ရက်တွင် လက်ခတ်တောင်ကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲခဲ့သည့်အတွက် အဆောက်အအုံ ၂ လုံး ပျက်စီးခဲ့ရကြောင်း မြေပြင်သတင်းရင်းမြစ်များက ဆိုသည်။
စစ်ရေးအရအချက်အချာကျသော လက်ခတ်တောင်ကို အာဏာမသိမ်းခင်ယခင်အချိန်များတွင် ကရင်နယ်ခြားစောင့်တပ် BGF က တပ်စွဲခဲ့ပြီး အာဏာ သိမ်းပြီးမကြာခင်မှာတော့ စစ်တပ်ကနေရာယူတပ်စွဲခဲ့သည်။
ပြီးခဲ့သည့် ဇူလိုင် ၂၁ ရက်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLAနှင့် လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တို့က လက် ခတ်တောင်ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးနောက် လက်ခတ်တောင်ပြန်ရရန် စစ်ကောင်စီဘက်က BGF ရာနှင့်ချီပါဝင်သည့်ပူးပေါင်းစစ်ကြောင်းများဖြင့် ထိုးစစ်ဆင်ခြင်း၊ လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်း၊ လေယာဉ်ဖြင့်တိုက်ခိုက်ခြင်းအပြင် ဒရုန်းဖြင့်တိုက်ခိုက်ခြင်းများပါ ပြုလုပ်ခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။
ယနေ့မနက်ပိုင်း ၁၁ နာရီဝန်းကျင်တွင်လည်း သင်္ကန်းညီနောင်ရှိ စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှုများပြုလုပ်ခဲ့သည်ဟု သိရသည်။
ဓာတ်ပုံ – သံလွင်ခက်
ပုံစာ – ယမန်နေ့ ည ၈ နာရီကျော်အချိန်တွင် စစ်ကောင်စီကလေကြောင်းတိုက်ခိုက်ခဲ့သဖြင့် ပျက်စီးသွားသည့်စေတီများ။