ရခိုင်ပြည်နယ်ရှိ စစ်ရှောင်များ စားဝတ်နေရေးပိုမိုကြပ်တည်းလာ
*****************************
မိခိုင်
ဇန်နဝါရီလ ၁၈၊ ၂၀၂၄။
ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်တော် – AA နှင့် စစ်ကောင်စီတိုက်ပွဲများကြောင့် လူပေါင်းသိန်းချီ စစ်ဘေးရှောင်နေကြရသည်။
အဆိုပါစစ်ဘေးရှောင်များတွင် မြို့ပေါ်ကစစ်ဘေးရှောင်များလည်းပါဝင်သလို နယ်ဘက်ကျေးဘက်က စစ် ဘေး ရှောင်များလည်းပါဝင်ပြီး စစ်ကောင်စီက ရိက္ခာဖြတ်တောက်ထားသည့်အတွက် စားဝတ်နေရေး ကြပ်တည်းမှုများ နှင့်ရင်ဆိုင်နေရသည်ဟု ဆိုသည်။
စစ်ရှောင်များအနေဖြင့် ရိက္ခာပြတ်လပ်ခြင်းများအပြင် စားဝတ်နေရေး အကြပ်အတည်းကိုပါ ခံစားနေရကြောင်း ပေါက်တောဒေသခံ စစ်ရှောင်အမျိုးသမီး ၁ ဦးက ဆိုသည်။
” ရိက္ခာက ထောက်ပံ့ပေးတဲ့ အဖွဲ့အစည်းလည်းမရှိဘူး။ အလုပ်အကိုင်က ရှာမရဘူးလေ။ ပိုက်ဆံရှိပေမယ့် ဝယ်လို့ မရတော့ ပိုခက်ခဲတာပေါ့။ စျေးကလည်း အရမ်းတက်နေတယ်။ စားဝတ်နေရေးရော အလုပ်အကိုင်ရော ရှာမရ တော့ ခက်ခဲတာပေါ့” ဟု ဆိုသည်။
ရခိုင်ပြည်နယ်တွင် စစ်တွေ၊ ပေါက်တော၊ မင်းပြား၊ ကျောက်တော်၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ မြေပုံ၊ ရသေ့တောင်၊ ကျောက်ဖြူ စသည့်မြို့နယ်များက စစ်ရှောင်သိန်းချီရှိနေပြီး စစ်ကောင်စီတပ်က စစ်တွေမြို့အား အဝင်အထွက် ပိတ်ဆို့ထားသည့်အတွက် ဒေသခံများမှာ ပိုမိုခက်ခဲနေကြကြောင်း သိရသည်။
” စစ်တွေကို အဝင်အထွက်ပိတ်ထားတော့ ရိက္ခာပြတ်လာပြီ။ ရှိနေတဲ့ကုန်တွေကိုလည်း ကျွန်မတို့ မဝယ်စားနိုင် ပါ ဘူး။ အခုနေမကောင်းဖြစ်နေတာတောင် ဆေးမဝယ်နိုင်ဘူး။ ဝယ်ဖို့အတွက် ဆေးလည်းရှာမရဘူး ” ဟု ၎င်းက ဆိုသည်။
ကုန်းလမ်း၊ ရေလမ်းများ ပိတ်ဆို့ထားသည့်အတွက် ဒေသခံများမှာ ရိက္ခာ၊ ဆေးဝါးပြတ်လပ်မှုများရှိနေပြီး နယ် ဘက်သို့စစ်ရှောင်ရန်လာရောက်ကြသည့် ရခိုင်ပြည်နယ်ရှိ မြို့ပြဒေသများအနေဖြင့်လည်း လိုအပ်သည့်ရိက္ခာ ပစ္စည်းများကို စစ်တွေမြို့တစ်မြို့တည်းက ဝယ်ယူနေရသည်။
စစ်တွေမြို့တွင်လည်း မြို့ဝင်မြို့ထွက်ကို စစ်ကောင်စီကပိတ်ဆို့ထားပြီး ရိက္ခာသယ်ယူသည့်ဒေသခံများအား ဖမ်းဆီးတရားစွဲဆိုမှုများ ပြုလုပ်နေသည့်အပြင် တာဝါတိုင်များတွင်လည်း လောင်စာဆီများပြတ်လပ်သွား သည့်အတွက် အင်တာနက်လိုင်းများလည်း ပြတ်တောက်နေသည်။
ဓာတ်ပုံ – သံလွင်ခက်
ပုံစာ – ရခိုင်ပြည်နယ်ရှိစစ်ရှောင်များ။
******
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/2887
YouTube – > https://youtu.be/LsSx5mAIttA?si=cQ389gohgAYNfmVR
Website – > https://thanlwinkhet.net/?p=6838