မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌဟောင်း နိုင်ထောမွန် ကွယ်လွန်
**********************************
သဇင်
ဇန်နဝါရီ ၁၇၊ ၂၀၂၄။
မွန်ပြည်သစ်ပါတီ – NMSP ၏ ဥက္ကဋ္ဌဟောင်း နိုင်ထောမွန် သည် ယနေ့ ဇန်နဝါရီ ၁၇ ရက်၊ နံနက် ၆ နာရီခွဲတွင် လူကြီးရောဂါဖြင့်ကွယ်လွန်ခဲ့သည်ဟု ဒေသအခြေစိုက် သတင်းမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။
NMSP ဥက္ကဋ္ဌဟောင်း နိုင်ထောမွန် သည် ကွယ်လွန်ချိန်တွင် အသက် ၇၈ နှစ်ရှိပြီဖြစ်ပြီး ထိုင်းနိုင်ငံ ကန်ချနဘူရီ ခရိုင်၊ စံခလဘူရီဆေးရုံတွင် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။
နိုင်မွန်ထောကို မုဒုံမြို့နယ်၊ ကမာဝက်ကျေးရွာ၌ ဖခင် ဦးသောင်းစိန်၊ မိခင် မိငွေကြည်တို့က ၁၉၄၆ ခုနှစ်တွင် မွေး ဖွားခဲ့ပြီး ငယ်နာမည်မှာ မင်းရွှေထား ဖြစ်၍ မွေးချင်းမောင်နှမထဲတွင် ဒုတိယမြောက်သားဖြစ်သည်။
နိုင်ထောမွန်သည် ၁၉၆၅ ခုနှစ်တွင် မွန်ပြည်သစ်ပါတီကို ဆက်သွယ်ရေးတပ်သားအဖြစ်ဝင်ရောက်ခဲ့ပြီး တာဝန် အဆင့်ဆင့်လွှဲပြောင်းပေးအပ်ခြင်းခံခဲ့ရပြီးနောက်တွင် မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – MNLA တွင် စစ်ဦးစီးချုပ် (ဗိုလ်ချုပ်) ရာထူးအဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။
၂၀၀၃ ခုနှစ်တွင် မွန်ပြည်သစ်ပါတီ – ဒုဥက္ကဋ္ဌ နှင့် ဗဟိုစစ်ကော်မတီဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၊ ၂၀၀၅ ခုနှစ်တွင် မွန်ပြည်သစ်ပါတီ၏ ၄ ယောက်မြောက် ဥက္ကဋ္ဌဖြစ်လာခဲ့သည်။ ၂၀၂၀ ခုနှစ် ဇန်နဝါရီလဆန်းပိုင်းက ကျင်းပပြီးစီးခဲ့သည့် ၁၀ ကြိမ်မြောက်ပါတီညီလာခံတွင် ကျန်းမာရေးအခြေနေအရ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌအဖြစ် နိုင်ထောမွန်အား တာဝန်လွှဲပြောင်းအပ်ခဲ့သည်။
ဇန်နဝါရီလဆန်းပိုင်းကကျင်းပခဲ့သည့် မွန်ပြည်သစ်ပါတီ ၁၁ ကြိမ်မြောက်ညီလာခံတွင် ဗဟိုအလုပ်ကော်မတီနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များကိုရွေးချယ်ခဲ့ပြီး ခေါင်းဆောင်ပိုင်း ပြောင်းလဲခြင်းမရှိဟု သိရသည်။
လက်ရှိတွင် မွန်ပြည်သစ်ပါတီ၊ ဗဟိုအလုပ်မှုဆောင်အဖွဲ့တွင် ဥက္ကဋ္ဌ နိုင်ဟံသာ၊ ဒုဥက္ကဋ္ဌနိုင်အောင်မင်း ၊ အထွေ ထွေ အတွင်းရေးမှူး နိုင်ဇေယျ၊ တွဲဖက်အတွင်းရေးမှူး နိုင်ဝင်းလှ၊ နိုင်အေးမွန်၊ နိုင်လယီဟကား၊ နိုင်ဗညားလယ်၊ နိုင်အောင်မငေး နှင့် နိုင်ဗညားမဲ့စန်း တို့ဖြစ်ကြပြီး အဖွဲ့ဝင်သစ် ၂ ဦးအဖြစ် မိစားဒါးနှင့် ဒုဗိုလ်ချုပ် ဗညားချမ်း မွန် တို့ပါဝင်လာကြောင်းသိရသည်။
နိုင်မွန်ထော ကွယ်လွန်ချိန်တွင် ဇနီးဖြစ်သူ မိဝုတ်၊ သမီး ၁ ဦးနှင့် သား၂ ဦးတို့ ကျန်ရစ်ခဲ့သည်ဟု သိရသည်။
ဓာတ်ပုံ – Rehmonnya FM
ပုံစာ-မွန်ပြည်သစ်ပါတီ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ နိုင်ထောမွန်။
*********
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3044
YouTube- > https://youtu.be/SpxIBpTYop8
Website _> https://thanlwinkhet.net/?p=7088