စစ်ကောင်စီလေယာဥ်က လက်ခတ်တောင်ကို မီးလောင်ဗုံးကြဲ
**************************
နန်းဆုပန်ခန့်
ဇန်နဝါရီ ၁၇ ၊ ၂၀၂၄။
ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ လက်ခတ်တောင်စခန်းအား စစ်ကောင်စီက လေယာဥ်ဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အဆောက်အအုံ ၁ လုံး မီးလောင်ပျက်စီးခဲ့သည်ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။
ယမန်နေ့ ဇန်နဝါရီ ၁၆ ရက် ညနေ ၅ နာရီဝန်းကျင်က လေယာဥ်ဖြင့်ဗုံးကြဲသွားခြင်းဖြစ်သည်ဟု ကော်ဘရာစစ်ကြောင်း ၁၊ တပ်ခွဲ ၄ ၊ ဒုခွဲမှူး က ဆိုသည်။
၎င်းက ” Yak – 130 လေယာဉ်နဲ့လာကြဲသွားတယ်လို့တော့ ယူဆရတယ်နော်။ မီးလောင်ဗုံးအမျိုးအစားနဲ့ ကြဲသွား တာပေါ့နော်။ လက်ခတ်တောင်ပေါ်ကို ” ဟု ၎င်းကဆိုသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇူလိုင်လနှောင်းပိုင်းတွင် လက်ခတ်တောင်ကို ကာကွယ်ရေးပူးပေါင်းတပ်ဘက်က သိမ်းယူနိုင်ခဲ့သည်။
လက်ခတ်တောင်ကိုပြန်လည်ရရှိရန်အတွက် စစ်ကောင်စီဘက်က ထိုးစစ်ဆင်မှုများ၊ လက်နက်ကြီးပစ်ခတ်မှုများ နှင့် လေယာဉ်ဖြင့်ဗုံးကြဲမှုများ ဆက်တိုက်ဆောင်ရွက်ခဲ့သော်လည်း စစ်ကောင်စီတပ်များက လက်ခတ်တောင်ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ခြင်းမရှိပေ။
ယမန်နေ့ ဇန်နဝါရီ ၁၆ ရက်၊ ညနေပိုင်းအချိန်တွင်လည်း စစ်ကောင်စီဘက်က လေယာဉ်ဖြင့် မီးလောင်ဗုံးကြဲခဲ့ သည့် အတွက် လက်ခတ်တောင်ရှိ အဆောက်အအုံ ၁ လုံး မီးလောင်ပျက်စီးခဲ့ရကြောင်းသိရသည်။
” လက်ခတ်တောင်ပေါ်ကတော့ အဲ့ဒီမှာ အဆောက်အအုံတစ်ခုတော့ ပျက်စီးသွားတယ်ပေါ့နော် ။ တခြား ထိခိုက် ဒဏ်ရာရရှိတာတော့ လုံးဝမရှိဘူးနော် ” ဟု ဒုခွဲမှူးက ဆက်လက်ပြောသည်။
၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၁ ရက်တွင် လက်ခတ်တောင်ကို ကာကွယ်ရေးပူးပေါင်းတပ်များဘက်က အပြီးတိုင်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။
ဓာတ်ပုံ – ပေးပို့။
ပုံစာ- ယမန်နေ့ညနေက လက်ခတ်တောင်ဗုံးကြဲခံရပြီးနောက် မြင်တွေ့ရသည့်မြင်ကွင်း။
*********
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3013
YouTube- > https://youtu.be/SpxIBpTYop8
Website _> https://thanlwinkhet.net/?p=7034