စစ်ကောင်စီ အာဏာစက်လုံးဝချုပ်ငြိမ်းသွားသည့် ပလက်ဝ
***************
သဇင်
ဇန်နဝါရီ ၁၅ ၊ ၂၀၂၄။
ရခိုင် နှင့် ပလက်ဝဒေသအတွင်းရှိ စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန်စခန်းတစ်ခုဖြစ်သည့် “နှမဒါဗျူဟာ” က ဗျူဟာစခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သဖြင့် ပလက်ဝဒေသသည် စစ်ကောင်စီကင်းစင်နယ်မြေဖြစ်လာပြီ ဟု ရက္ခိုင့်တပ်တော်က သတင်းထုတ်ပြန်ထားသည်။
ပလက်ဝဒေသအတွင်း စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန်ဗျူဟာများဖြစ်သည့် “နှမဒါဗျူဟာ” နှင့် “ခန်ခတောင် ဗျူဟာ” စခန်းနှစ်ခုထဲက “ခန်ခတောင်ဗျူဟာ” စခန်းကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက် တွင်သိမ်းယူနိုင်ခဲ့ပြီး နောက် “နှမဒါဗျူဟာ” စခန်းကိုလည်း ဇန်နဝါရီလ ၁၄ ရက်၊ နေ့လယ် ၃ နာရီခန့်တွင် အပြီးသတ်သိမ်းယူနိုင်ခဲ့ခြင်း ဖြစ်သည်။ ယင်းစခန်းသိမ်းဖြစ်စဥ်အတွင်း လက်နက်ခဲယမ်းအမြောက်အမြားလည်း သိမ်းဆည်းရမိခဲ့သည်။
“နှမဒါ” ဗျူဟာကုန်းသိမ်းပိုက်ပြီးနောက်တွင် ကျောက်တော်မြို့နယ်အတွင်းရှိ အမြောက်တပ်စခန်းတစ်ခုဖြစ်သော “အမတ – ၃၇၇ စခန်း”နှင့် ရသေ့တောင်မြို့နယ်၊ “ရီစိုးချောင်းဗျူဟာကုန်း” ကိုလည်း ဇန်နဝါရီလ ၁၄ ရက် တစ်ရက်တည်းမှာပင် သိမ်းပိုက်နိုင်ခဲ့သဖြင့် ပလက်ဝဒေသတစ်ခုလုံး “စစ်ကောင်စီလုံးဝကင်းစင်သောဒေသ” ဖြစ်လာခဲ့ပြီး ပလက်ဝဒေသတစ်ခုလုံးရှိ စစ်ကောင်စီတပ်စခန်းတစ်ခုမကျန်နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တစ်ယောက်မျှမရှိအောင် ထိုးစစ်ဆင်တိုက်ခိုက်နိုင်ခဲ့သည့်အတွက် ပလက်ဝဒေသတစ်ခုလုံးသည် စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရား နှင့် အာဏာစက် လုံးဝချုပ်ငြိမ်းသွားပြီဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
တစ်ဖက်တွင်လည်း ထွက်ပြေးလွတ်မြောက်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ရက္ခိုင့်တပ်တော်က လိုက်လံ ချေမှုန်းတိုက်ခိုက်နေသောကြောင့် ပလက်ဝဒေသရှိ ဒေသခံများကို အထူးသတိထားကြရန် ရက္ခိုင့်တပ်တော်က သတိပေးထားသည်။
ဓာတ်ပုံ – AA Info Desk
*********
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3012
YouTube- > https://youtu.be/SpxIBpTYop8
Website _> https://thanlwinkhet.net/?p=7030