ကော့ကရိတ်မြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီက တန်ပြန်ဒရုန်းစစ်ဆင်ရေး ပိုမိုပြုလုပ်လာ
**********************************
Saw Smith
ဇန်နဝါရီ ၁၅ ၊ ၂၀၂၄ ။
ကရင်ပြည်နယ် ၊ ကော့ကရိတ်မြို့သိမ်းစစ်ဆင်ရေးအတွင်း ပိတ်ဆို့ခံထားရသည့် စစ်ကောင်စီတပ်များဘက်က ဒရုန်းဖြင့်တန်ပြန်တိုက်ခိုက်မှုများ တွင်တွင်ကျယ်ကျယ်ပြုလုပ်လာနေသည်ဟု ပူးပေါင်းစစ်ကြောင်းနှင့် ဒေသခံများ ထံက သိရသည်။
ပြီးခဲ့သည် ဒီဇင်ဘာလ ၁ ရက်၌ ကော့ကရိတ်မြို့နှင့် အနီးဝန်းကျင်ရှိ စစ်ကောင်စီတပ်စခန်းများကို KNLA နှင့် PDF ပူးပေါင်းစစ်ကြောင်းများက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။
စစ်ဆင်ရေး ၁ လကျော်အချိန်အတွင်း ကော့ကရိတ်မြို့ပေါ်နေရာများထိ ပူးပေါင်းစစ်ကြောင်းများက နေရာယူ ထားနိုင်ခဲ့ပြီး ကော့ကရိတ်မြို့အထိုင်တပ် ခလရ ၉၇ အပါအဝင် ကျန်ရှိနေသည့် စစ်ကောင်စီတပ်စခန်းများကို လည်း ပိတ်ဆို့၍ ဖိအားပေးနိုင်ခဲ့သည်။
ကော့ကရိတ်မြို့သိမ်းစစ်ဆင်ရေးအစပိုင်းတွင် တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့၍ ယခုနောက်ပိုင်း၌ နှစ်ဖက် ပစ် ခတ်သံများ ကြိုကြားကြိုကြားသာကြားရတော့သည့်အပြင် စစ်ကောင်စီ၏ တန်ပြန်ဒရုန်းစစ်ဆင်ရေးကြောင့် ပူးပေါင်းစစ်ကြောင်းဘက်က ထိခိုက်မှုများကြားနေရသည်ဟု ကော့ကရိတ်မြို့ရှိအမျိုးသား ၁ ဦးကပြောသည်။
“ဒရုန်းသုံးတဲ့အရာရှိတွေ ရောက်နေတယ်လို့လည်း ကြားမိတယ်။ သူတို့က ငွေအားတတ်နိုင်တော့ စိတ်ကြိုက်ကို သုံးနေတာ။ ဒရုန်းတွေနဲ့ နေ့တိုင်းလာတိုက်နေတယ်လို့ သိရတယ်” ဟု ၎င်းကပြောသည်။
စစ်ကောင်စီတပ်ဘက်က ဒရုန်းများဖြင့် တန်ပြန်စစ်ဆင်ရေးလုပ်လာမှုများ သည် ယခုလအစပိုင်းကစ၍ ပိုများလာကာ နေ့တိုင်း ဒရုန်း ၂ စီးဖြင့် တနေ့ကုန်နီးပါး ဗုံးကြဲတိုက်ခိုက်မှုများ ရှိနေသည်ဟု ကျားဖြူစစ်ကြောင်း တာဝန်ရှိသူ ဗိုလ်ပွဲတော် က ပြောသည် ။
” ဒီရက်ပိုင်းမှာ ဒရုန်းနဲ့လာချတာပိုများလာတယ်နော်။ အဲမှာ ၂ စီး၊ ၂ စီး ပုံမှန်တက်တယ် တနေကုန် ။ ဗုံးချတဲ့ အလုံးရေက နည်းနည်းများတာပေါ့နော်။ တစ်ခါတက်ရင် ၂ စီးဆိုတော့ တစ်ခါချရင် ဗုံး ၄ လုံးလေ ။ ၁ ရက်ကို ၄၊ ၅ ၊ ၆ ခါလောက်ကြဲတော့ နည်းနည်းများတာပေါ့နော် “ဟု ဗိုလ်ပွဲတော်ကပြောသည်။
စစ်ကောင်စီတပ်၏ ဒရုန်းဗုံးများဖြင့်ကြဲချတိုက်ခိုက်မှုတွင် ပူးပေါင်းစစ်ကြောင်းဘက်ကရဲဘော်များ ထိခိုက်ကျဆုံး မှုနှင့် ဒဏ်ရာရရှိမှုများရှိနေသည်ဟု KNLA တပ်ဖွဲ့ဝင်များနှင့်နီးစပ်သည် ဒေသခံအမျိုးသမီးက ဒဏ်ရာရ ရဲဘော် များ၏ ပုံများပေးပို့၍ ပြောသည်။
တော်လှန်ရေးပူးပေါင်းစစ်ကြောင်းများအတွက် အဓိကအားထားရာ ဒရုန်းစစ်ဆင်ရေးကြောင့် စစ်ကောင်စီဘက်က ထိခိုက်၊ ဆုံးရှုံးမှုများလာသည့်အတွက် စစ်ကောင်စီဘက်ကလည်း နေရာတချို့၌ တန်ပြန် ဒရုန်းစစ်ဆင်ရေး ပြုလာ နေသည်ကို တွေ့နေရသည်ဟု CDM ဗိုလ်ကြီး ခန့်ကို က ပြောသည်။
” ရုရှားမှာ နဂိုကတည်းက ဒရုန်းနည်းပညာ သင်လာတဲ့သူတွေရှိတယ် ။ အခုဆိုရင်လည်း တရုတ်နည်းပညာရှင် တွေ ပြည်တွင်းထဲကိုခေါ်ပြီး သင်နေတယ်ကြားတယ်။ ဟိုတုန်းကတည်းကလည်း ဒရုန်းနဲ့ ပတ်သက်လို့ သင်တန်း တွေလွှတ်ထားတဲ့ အရာရှိစစ်သည်တွေ အများကြီးရှိတယ် ။ ဒရုန်း ပရောဂျက်ရှိတယ် ” ဟု ၎င်းက ပြောသည် ။
ဒရုန်းများကိုအသုံးပြုရာတွင် တော်လှန်ရေးပူးပေါင်းစစ်ကြောင်းများက ဘတ်ဂျက်အနေအထား ၊ ပစ္စည်းဝယ်ယူရ သည့် အခက်အခဲများကြောင့် ဒရုန်းများကို တစ်စချင်းဆီပြန်ဆင်၍ အသုံးပြုနေရသည့်တိုင် ကာကွယ်ရေးတပ် များက ဒရုန်းမျာကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်သေးသည်။
ထို့ကြောင့် ဘတ်ဂျက်လုံလောက်စွာသုံးနိုင်ပြီး အစုံလိုက်ဆင်ပြီးသားပစ္စည်းများ ဝယ်ယူအသုံးပြုနိုင်သည့် စစ်ကောင်စီတပ်များအနေဖြင့် နောင်တစ်ချိန်၌ ဒရုန်းစစ်ဆင်ရေးများကို အခုထက်ပိုမိုအသုံးပြုလာနိုင်သည်ဟု စစ်ရေးအကဲခက်များ၏သတိပေးပြောဆိုမှုများလည်း ရှိနေသည်။
*********
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3011
YouTube- > https://youtu.be/SpxIBpTYop8
Website _> https://thanlwinkhet.net/?p=7027