ရခိုင်ပြည်တွင် စစ်ကောင်စီတပ်က ထိုးစစ်မဆင်နိုင်တော့ဘဲ အရှုံးသာရင်ဆိုင်နေရ
*********************
မိခိုင်
ဇန်နဝါရီ ၁၀ ၊ ၂၀၂၄။
ရခိုင်ပြည်တွင် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်ကစတင်ဖြစ်ပွားခဲ့သည့် တကျော့ပြန်တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်က ခံစစ်ဖြင့်သာခုခံနေရပြီး ထိုးစစ်မလုပ်နိုင်တော့ကြောင်း ရခိုင်အရေးလေ့လာသူများက ဆိုသည်။
တကျော့ပြန်တိုက်ပွဲများစတင်ပြီးနောက် ရက္ခိုင့်တပ်တော်နှင့်စစ်ကောင်စီတို့ကြား နေ့စဥ်ထိတွေ့တိုက်ပွဲများဖြစ်ပွားနေပြီး စစ်တပ်မှာ အရှုံးဖြင့်သာရင်ဆိုင်နေရကြောင်း ရခိုင်နိုင်ငံရေးသမား ဦးဖေသန်း ကဆိုသည်။
” စစ်တပ်က မြေပြင်မှာဆိုလည်း AA ကိုမတိုက်နိုင်ဘူး။ AA စခန်းတွေ အများကြီးရှိတယ်။ ဒါပေမယ့် စခန်းကို မတိုက်ဘူး။ ပြည်သူတွေကိုပဲ ပစ်မှတ်ထားပြီး ပစ်နေတယ်။ တိုက်ရင်လည်း တိုက်တိုင်း ရှုံးတယ်။ စစ်တပ်အနေနဲ့ က ထိုးစစ်ဆင်နိုင်တဲ့ အနေအထားလည်း မရှိဘူး။ တပ်ကူးလာစရာလည်း မရှိဘူး ” ဟု ပြောသည်။
ရက္ခိုင့်တပ်တော်အနေဖြင့် ရခိုင်ပြည်ရှိ မြို့နယ် ၁၅ မြို့နယ်က ရဲကင်းစခန်း ၊ ရဲစခန်း၊ နယ်မြေစခန်း၊ ဗျူဟာကုန်း အပါအဝင် စခန်း ၂၀၀ ဝန်းကျင်အား သိမ်းပိုက်ထားနိုင်ခဲ့ပြီး တချို့ ကင်းစခန်းနှင့် ရဲစခန်းများရှိ စစ်ကောင်စီတပ် သားများစခန်းစွန့်ခွာထွက်ပြေးကြသည့်အတွက် တိုက်စရာပင်မလိုတော့ဘဲ သိမ်းယူနိုင်ခဲ့သည်။
မြေပြင်ရှိ AA စခန်းများကို ဦးတည်တိုက်ခိုက်နိုင်ခြင်းမရှိတော့သည့် စစ်ကောင်စီတပ်များသည် Navy နှင့် ဂျက်လေယာဥ်များဖြင့် ပြည်သူလူထုကိုသာ ပစ်ခတ်နေကြောင်း ဦးဖေသန်းက ဆက်ပြောသည်။
ရခိုင်ပြည်တွင် စစ်ကောင်စီက ကြည်းတပ်အင်အား ထပ်မံတိုးချဲ့နိုင်ခြင်းမရှိတော့သည့်အတွက် လေကြောင်းနှင့် ရေကြောင်းကနေ၍ ပြည်သူလူထုအား ဦးတည်တိုက်ခိုက်နေသည်ဟုလည်း နိုင်ငံရေးလှုပ်ရှားနေသော ရခိုင်လူငယ် ၁ ဦးက ထောက်ပြသည်။
” စစ်တပ်က မြေပြင်မှာ အင်အားတိုးချဲ့နိုင်တာမရှိဘူး။ တဘက်ကတော့ သူတို့က လေကြောင်းကို ပိုပြီး အသုံးပြုလာတယ်။ AA ကိုလည်း လာပြီးမှ မတိုက်ဘူး။ သူတို့က ပြည်သူတွေကိုပဲ ဦးတည်တိုက်နေတယ်။ ကျောက်တော်ဘက်တွေမှာဆို စစ်တပ်က လက်နက်ကြီးလှမ်းပစ်လို့ ဒေသခံတွေ နေ့တိုင်းလိုလို သေကြရတယ်။ ထိခိုက်ဒဏ်ရာရတယ်။ ဒါက ပြည်သူတွေကို အကြောက်တရားစိုးမိုးအောင် သူတို့ လုပ်နေကျအကွက်တွေပါ “ဟု ၎င်းကဆို သည်။
လေကြောင်း၊ ရေကြောင်းအားကိုးပြီး စစ်တပ်က ပြည်သူလူထုကို ဦးတည်တိုက်ခိုက်နေသည့်အတွက် ပြည်သူလူထု၏ ထောက်ခံအားပေးမှုက AA အပေါ်ကိုသာ ပို၍ရှိလာနိုင်ကြောင်းလည်း ဦးဖေသန်း က ထောက်ပြသည်။
ရက္ခိုင့်တပ်တော်နှင့် စစ်တပ်တို့မှာ ရခိုင်ပြည်နယ်တွင် ထိတွေ့တိုက်ပွဲများနေ့စဥ်ဖြစ်ပွားနေပြီး စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည့်အတွက် အရပ်သားသေဆုံးမှုများ နေ့စဥ်ရှိနေသလို စစ်ကောင်စီဘက်က မြေပြင်သို့ လူ အင်အားထပ်ပို့နိုင်ခြင်းမရှိတော့သည့်အတွက် မြေပြင်ရှိစစ်သားနှင့် ရဲများမှာလည်း AA ထံသို့ လက်နက်ချအလင်းဝင်မှုများ ရှိနေသည်။
ဓာတ်ပုံ – Twitter
ပုံစာ – ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတိုက်ပွဲဖြစ်ပွားသဖြင့် ပလက်၀မှ အိန္ဒိယသို့ထွက်ပြေးခဲ့သည့် စစ်ကောင်စီတပ်သားများအားတွေ့ရစဥ်။
*********
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/2926
YouTube- > https://youtu.be/SpxIBpTYop8
Website _> https://thanlwinkhet.net/?p=6908