အာဆီယံအထူးသံတမန်နှင့်တွေ့ဆုံရန် တိုင်းရင်းသားလက်နက်ကိုင်များကို စစ်ခေါင်းဆောင်ဖိတ်ကြား
**************************
သံလွင်ခက်
ဇန်နဝါရီ ၁၀ ၊ ၂၀၂၄။
ယခုသတင်းပတ်အတွင်း မြန်မာနိုင်ငံသို့လာရောက်ရန်စီစဥ်ထားသော အာဆီယံအထူးသံတမန်နှင့်တွေ့ဆုံရန် တိုင်းရင်းသားလက်နက် ကိုင်ခေါင်းဆောင်များ၊ နိုင်ငံရေးပါတီအသီးသီးကပုဂ္ဂိုလ်များကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ဖိတ်ကြားထားကြောင်း နိုင်ငံတကာသတင်းမီဒီယာများ၏ ဖော်ပြချက်များအရ သိရသည်။
၂၀၂၄ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌနိုင်ငံအဖြစ် လာအိုနိုင်ငံက တာဝန်ယူ ဆောင်ရွက်မည်ဖြစ်ပြီး လာအို ဒုတိယ နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ အယ်လောင်ခီယို ကစ်တီခွန် (Alounkeo Kittikhoun) က မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်အဖြစ်တာဝန်ယူဆောင်ရွက်သွားမည်ဟု သိရသည်။
စစ်ကောင်စီကဖိတ်ကြားထားသော တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့အစည်းများသည် စစ်ကောင်စီနှင့် အပစ်အခတ်ရပ်စဲထားသော အဖွဲ့အစည်းများဖြစ်ကြသလို နိုင်ငံရေးပါတီများမှာလည်း စစ်ကောင်စီကကျင်းပမည့်ရွေးကောက်ပွဲ၌ ပါဝင်ယှဥ်ပြိုင်ဖို့ကြိုးစားနေကြသည့် နိုင်ငံရေးပါတီများဖြစ်သည်။
ယင်းအဖွဲ့အစည်းများထံ စစ်ကောင်စီကပေးပို့ခဲ့သောဖိတ်ကြားလွှာ၌ မြန်မာ နိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်လာရောက်မည့်နေ့ရက်ကို တိတိ ကျကျဖော်ပြထားခြင်းမရှိသော်လည်း တိုက်ပွဲအရှိန်များဆက်လက်မြှင့်တက် နေသည့် ယခုသတင်းပတ်အတွင်းလာရောက်မည်ဟူ၍တော့ နိုင်ငံတကာသတင်းမီဒီယာများ ဖော်ပြနေကြသည်။
ထပ်မံ၍အသစ်ခန့်အပ်လိုက်ပြန်သော မြန်မာ နိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်အနေဖြင့် မြန်မာစစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်းဖြစ်ပေါ်နေသော အကြပ်အတည်းများနှင့်ပတ်သက်ပြီး ကိုင်တွယ်ဖြေရှင်းနိုင်ရန်ကြိုးစားဖို့လိုအပ်သလို အာဆီယံကိုဓားစာခံအဖြစ်အသုံးချရန်ကြိုးစားနေသော စစ်ကောင်စီ၏ နိုင်ငံရေးကျော့ကွင်းကလွတ်မြောက်ရန်အတွက်လည်း ကြိုးစားဖို့လိုအပ်ပေသည်။
မြန်မာနိုင်ငံတွင် စစ်တပ်ကအာဏာသိမ်းခဲ့သည်မှာ ၃ နှစ်နီးပါးရှိလာပြီဖြစ်သည့်တိုင် မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး အာဆီယံကချမှတ်ထားသော မူဝါဒ ၅ ရပ် (5PC) သည်လည်း တစုံတရာတိုးတက်မှုမရှိခဲ့သည့်အပြင် ၂ နှစ် ၁ ကြိမ် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်ပြောင်းလဲသတ်မှတ်နေခြင်းကလည်း မြန်မာ့အရေးဖြေရှင်းဖို့ ပိုပိုဝေးကွာနေရခြင်းဖြစ်သည်ဟု ပြည်တွင်းပြည်ပပညာရှင်များက ဝေဖန်နေကြသည်။
မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်၏ မြန်မာနိုင်ငံခရီးစဥ်မစတင်ခင်မှာပဲ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် – NCA တွင်ပါဝင်လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့နှင့် နိုင်ငံရေးပါတီ ၄၅ ပါတီကို စစ်ကောင်စီက ဖိတ်ကြားထားသည်ဟု သိရသည်။
Ref: Thai PBS
Photo : ASEAN India CII
ပုံစာ – မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် အယ်လောင်ခီယို ကစ်တီခွန် (Alounkeo Kittikhoun)
*********
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/2922
YouTube- > https://youtu.be/SpxIBpTYop8
Website _> https://thanlwinkhet.net/?p=6896