ဆောင်းခို ရှားပါးမျိုးစိတ်စာဝါကျားငှက်များကို မဖမ်းဆီးကြရန်တိုက်တွန်း
*******************
ကောင်းချစ်အောင်
ဇန်နဝါရီ ၉၊ ၂၀၂၄။
မြန်မာနိုင်ငံကို ဆောင်းလာခိုရန်လာရောက်ကြသည့် ရှားပါးမျိုးစိတ်စာဝါကျားငှက်များကို ဖမ်းဆီးရောင်းချခြင်း မပြုလုပ်ကြရန် ငှက်ထိန်းသိမ်းရေးအဖွဲ့များကတိုက်တွန်းထားကြောင်း သိရသည်။
စာဝါကျားငှက်မျိုးစိတ် သန်းပေါင်း ၃၀၀၀ သည် ၁၉၇၀ ခုနှစ်ကတည်းက မြောက်အမေရိကတွင် မျိုးသုဥ်းသွားခဲ့ပြီး ဥရောပတွင်လည်း ၁၉၈၀ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း အကောင်ရေ လေးပုံတစ်ပုံခန့်လျော့ကျသွားခဲ့သည်ဟု စစ်တမ်းများအရ သိရသည်။
ထို့ကြောင့် စာဝါကျားငှက်များသည် ကမ္ဘာလုံးဆိုင်ရာ မျိုးသုဉ်းမှုအန္တရာယ်ရှိနေသည့် (CR-Critically Endangered) ရှားပါးငှက်မျိုးစိတ်တစ်ခုဖြစ်လာပြီး ဝိုင်းဝန်းထိန်းသိမ်းကြရန် နိုင်ငံတကာငှက်လေ့လာသူများက ဆိုသည်။
စာဝါကျားငှက်သည် စာကလေးမျိုးနွယ်ဝင်ငှက်တစ်မျိုးဖြစ်ပြီး အာရှတိုက်အရှေ့မြောက်ခြမ်းနှင့် ဥရောပတိုက် အရှေ့ဘက်ခြမ်းတွင် ဥအုသားပေါက်လေ့ရှိပြီး ဆောင်းရာသီရောက်သည့်အခါ မြန်မာနိုင်ငံအပါအဝင် အာရှတိုက် တောင်ပိုင်းနိုင်ငံများသို့ အုပ်စုလိုက်ပြောင်းရွှေ့ ဆောင်းခိုလေ့ရှိကြသည်။
စာဝါကျားငှက်များသည် မြန်မာနိုင်ငံသို့ နှစ်စဉ်အကောင်ရေသောင်းနှင့်ချီဆောင်းခိုရန်လာရောက်ကြပြီး အောက် တိုဘာလ မှ မေလအထိ လာရောက်ကျက်စားလေ့ရှိကြသည်ဟု ငှက်နှင့် ငှက်ထိန်းသိမ်းရေးကျွမ်းကျင်သူ အမျိုး သားတစ်ဦး က သံလွင်ခက် ကိုပြောသည်။
“မြန်မာနိုင်ငံကို ရောက်လာတာက အေးခဲတဲ့ဒေသရဲ့ဆောင်းရာသီမှာ အစားအစာခက်ခဲမှုတွေကြောင့် ပူနွေးတဲ့ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့တောင်ပိုင်းနိုင်ငံတွေဆီကို ရွှေ့ပြောင်းကျက်စားကြတာမျိုးပါ”ဟု သူကဆိုသည်။
စာဝါကျားငှက်များကို အများဆုံးတွေ့နိုင်သည့် နေရာများမှာ ကချင်ပြည်နယ် အင်းတော်ကြီးကန်နှင့် တနိုင်းမြစ်၊ ရှမ်းပြည်နယ် ကလောနှင့် အင်းလေးကန်၊ ပုဂံ၊ ပုလဲ၊ ဧရာဝတီတိုင်း၊ ဝါးခယ်မ၊ ရန်ကုန်တိုင်း ပဲခူး၊ ရန်ကုန် အစပ်နှင့် သန်လျင်ဝန်းကျင်ဖြစ်သည်ဟု သိရသည်။
စာဝါကျားငှက်အပါအဝင် အခြားစာကလေးမျိုးစိတ်ဝင်ဌာနေငှက်များကိုလည်း ဖမ်းဆီးရောင်းချမှုမျိုးများနှင့် ကြုံ နေရသောကြောင့် ဖမ်းဆီးခြင်းမပြုကြရန် အသိပညာပေးတိုက်တွန်းမှုမျိုးလိုအပ်သည်ဟု Wild Wings Group အဖွဲ့ တာဝန်ခံကဆိုသည်။
“ကုသိုလ်ဖြစ်ငှက်လွှတ်ရာမှာ အသုံးပြုဖို့အတွက် စာကလေးအုပ်စုဝင် ငှက်လေးတွေဟာ အကောင်ရေအများကြီး အဖမ်း ခံရပါတယ်။ စာကလေး၊ စာဘူးတောင်း၊ စာပတီးတွေကတော့ ဌာနေငှက်တွေဖြစ်ပါတယ်။ စာဝါကျားက တော့ ဆောင်းရာသီမှာ ဆောင်းခိုဖို့ရောက်လာရင်း အဖမ်းခံရတာမျိုးတွေ ရှိခဲ့ဖူးတယ်”ဟုဆိုသည်။
မြန်မာနိုင်ငံတွင် ငှက်မျိုးစိတ် ၁၁၄၆ မျိုး ကျက်စားနေကြပြီး မျိုးသုဉ်းမှုအန္တရာယ်ရှိနေသည့် ရှားပါးငှက်မျိုးစိတ် ၁၃ မျိုး ပါဝင်နေသည်။
စာဝါကျားငှက်များနည်းတူ ဟိမဝန္တာလင်းတငှက်များသည်လည်း မြန်မာနိုင်ငံသို့ ဆောင်းခိုရန်လာရောက်ကြပြီး ရန်ကုန်မြို့ ဒဂုံဆိပ်ကမ်းတွင် လင်းတများခိုနားနေသည်ကို ယခုနှစ်အစပိုင်းမှစ၍ တွေ့ရှိလာရသည်ဟု သိရသည်။
photo- Wild Wings Group
*********
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/2918
YouTube- > https://youtu.be/SpxIBpTYop8
Website _> https://thanlwinkhet.net/?p=6886