စစ်တပ်၏ မက်လုံးပေးမြှူဆွယ်ခြင်းများကိုသတိထားရန် ညီနောင်သုံးဖွဲ့သတိပေး
********************
မိခိုင်
ဒီဇင်ဘာ ၃၁ ၊ ၂၀၂၃။
မြန်မာစစ်တပ်က ခေတ်အဆက်ဆက်ကျင့်သုံးလာခဲ့သည့် မက်လုံးပေးမြှူဆွယ်ခြင်းများကို လျှော့မတွက်ဘဲ သတိထားကြရန် ညီနောင်မဟာမိတ်သုံးဖွဲ့က ယမန်နေ့ ဒီဇင်ဘာလ ၃၀ ရက်က သတိပေးထုတ်ပြန်လိုက်သည်။
စစ်တပ်အနေဖြင့် တော်လှန်ရေးသမိုင်းတွင် မမျှော်မှန်းဖူးသော အလဲထိုးသိမ်းပိုက်ခြင်းကိုခံနေရသည့်အတွက် အထူးသတိထားရန်လိုအပ်ကြောင်း ညီနောင်မဟာမိတ် သုံးဖွဲ့က ထုတ်ပြန်ထားခြင်းဖြစ်သည်။
ထုတ်ပြန်ချက်တွင် “မြန်မာနိုင်ငံ၏ စစ်အာဏာရှင်ဖြုတ်ချရေးသမိုင်းတွင် တစ်ကြိမ်တစ်ခါမျှ မမျှော်မှန်းဖူးသော ရန်သူ့ပစ်မှတ်များကို တစ်ခုပြီးတစ်ခု အလဲထိုးသိမ်းပိုက်ရယူနိုင်ခဲ့သော်လည်း ရန်သူကိုလျှော့မတွက်ကြစေရန်နှင့် ရန်သူ၏ ခေတ်အဆက်ဆက် သွေးခွဲမှု၊ မက်လုံး၊ အာဏာများဖြင့် မြှူဆွယ်ခြင်းများကို သတိထားကြရန် အထူးလိုအပ်သည်ကို တော်လှန်ရေးထဲမှ ဖြတ်သန်းခဲ့ကြသော အတွေ့အကြုံ၊ သင်ခန်းစာများကို ကိုးကားပြီး အထူးသတိထားကြရန် တော်လှန်ရေးစေတနာဖြင့် အသိပေးလိုက်ပါသည်” ဟု ဆိုထားသည်။
ယင်းအပြင် စစ်တပ်အနေဖြင့် အချိန်တိုအတွင်း မထင် မှတ်ထားသည့်အရှုံးရလဒ်အား ထိပ်တိုက်ရင်ဆိုင်လာရသည့်အတွက် အရှုံးကို ဗြောင်ကျကျလက်ခံနိုင်စွမ်းမရှိသကဲ့သို့ စစ်မြေပြင်တွင်လည်း စစ်ကူများ အချိန်မီထောက်ပံ့ပေးနိုင်ခြင်းမရှိတော့သည်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်အားလုံးအသိပင် ဖြစ်သည်ဟု ဆိုသည်။
မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်သည့် AA၊ MNDAAနှင့် TNLAတို့၏ “Operation 1027” ၁၀၂၇ စစ်ဆင်ရေးမှာ ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ၆၅ ရက်မြောက်နေ့သို့ ရောက်ရှိလာပြီဖြစ်ပြီး မဟာမိတ် ၃ ဖွဲ့အနေ
ဖြင့် ၎င်းတို့ရည်မှန်းထားသည့် စစ်ဆင်ရေးပစ်မှတ်များကိုလည်း မရပ်မနားတိုက်ခိုက်နေကြောင်းဆိုထားသည်။
” ယခုရက်သတ္တတစ်ပတ်အတွင်း မိမိတို့ ရည်မှန်းထားသော စစ်ဆင်ရေးပစ်မှတ်များ၊ ပြည်သူလူထုအား ဒုက္ခပေးနေသော ရန်သူ၏ လက်နက်ကြီးစခန်းကုန်းများ၊ ဗျူဟာစခန်းကုန်းများနှင့် သိမ်းပိုက်ရန် တဝက်တပျက် ကျန်ရှိနေသေးသော ရန်သူ့စခန်းကုန်းများကို မရပ်မနား တရစပ် ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ ကြသည် ” ဟုဆိုသည်။
ကိုးကန့်ဒေသအတွင်းတွင် ဒကစ (လောက်ကိုင်) မှလွဲ၍ စစ်တပ်စခန်းများ အနည်းငယ်သာ ကျန်ရှိနေပြီး
တအာင်း အဖွဲ့အစည်းအနေဖြင့်လည်း ၎င်းတို့၏ စစ်ရေးရည်မှန်းချက်နှင့်အတူ တအာင်းပြည်နယ်ရည်မှန်းချက်ကို တစ်ဆင့်ပြီးတစ်ဆင့် အကောင်အထည်ဖော်လျက်ရှိသည်ဟု ထုတ်ပြန်ထားသည်။
ထို့အတူ ရက္ခိုင့်တပ်တော်အနေဖြင့်လည်း ၎င်းတို့အဖွဲ့အစည်းကသတ်မှတ်ထားသော စစ်ရေးရည်မှန်းချက်များကို တစ်ဆင့်ချင်းတစ်ဆင့်ချင်း အကောင်အထည်ဖော်လျက်ရှိကြောင်း ဖော်ပြသည်။
ယခုကဲ့သို့ စစ်ကောင်စီစခန်းများအား သိမ်းပိုက်ရရှိထားခြင်းသည်ပင် ညီနောင်မဟာမိတ် ၃ ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေး အနှစ်သာရနှင့် အဓိကစစ်ရေးရည်မှန်းချက်များပင် ဖြစ်သည်ဟု ဆိုသည်။
” ညီနောင်သုံးဖွဲ့အနေဖြင့် ၎င်းတို့ သတ်မှတ်ထားသော စစ်ရေးရည်မှန်းချက်များကို အပြည့်အဝရယူရင်း မြန်မာပြည်သူလူထုတစ်ရပ်လုံးက လိုလားနေသောဆန္ဒကိုလည်း တပါတည်း အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း” ဆိုထားသည်။
သတ်မှတ်ထားသည့် စစ်ရေးပစ်မှတ်များအား ဆက်လက်ချေမှုန်းသိမ်းပိုက်ရယူနိုင်ရေးအတွက် ညီနောင်မဟာမိတ် ၃)ဖွဲ့က ပုံမှန်အတိုင်း တိုက်ပွဲများ ဆက်လက်ဆင်နွှဲလျက်ရှိပါသည်။
စစ်ကောင်စီတပ်သားများအနေဖြင့်လည်း စစ်ခေါင်း ဆောင်များ၏ကိုယ်ကျိုးစီးပွားနှင့် အာဏာတည်မြဲစေရန် အသက်ပေးတိုက်ခိုက်နေရသည့် အခြေအနေမျိုးက စွန့် ခွာ၍ အမှန်တရားကိုသိမြင်လာပြီး နောင်တမရကြစေရန်နှင့် ပြည်သူ့ရင်ခွင်ထဲသို့ အမြန်ဆုံးခိုလှုံကြရန်ကိုလည်း ညီနောင် ၃ ဖွဲ့အနေဖြင့် နှစ်မကုန်မီ ထပ်မံတိုက်တွန်းကြောင်း ပြောဆိုထားသည်။
******
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/2848
YouTube – > https://youtu.be/LsSx5mAIttA?si=cQ389gohgAYNfmVR
Website – > https://thanlwinkhet.net/?p=6764