မြဝတီ-မဲဆောက် အမှတ်၁ တံတားတွင် ယနေ့နံနက်ပိုင်း ကမ်းကူးသူများပြားများ၊ နာရီချီကြာတန်းစီကြရ
********************************
သံလွင်ခက်
ဒီဇင်ဘာ ၃၁ ၊ ၂၀၂၃ ။
ထိုင်း-မြန်မာ နယ်စပ်ဖြတ်ကျော် အမှတ်၁ တံတားဖြတ်သန်းခွင့်ကို မြန်မာဘက်ခြမ်းက ယမန်နေ့တွင် တစ်ရက်ပိတ်လိုက်သဖြင့်ယနေ့၌ နံနက်အစောပိုင်းကတည်းက တန်းစီသူများပြီး နာရီချီကြာအောင် စောင့်ဆိုင်းကြရခြင်းဖြစ်သည်ဟု ကမ်းကူသူများက ပြောသည် ။
မြန်မာဘက်ခြမ်းက ထုတ်ပေးသည့် မြဝတီ-မဲဆောက်တံတားကူးစာရွာများ ကုန်သွားသဖြင့် ယမန်နေ့တွင် မနက် ၈ နာရီကတည်းက ဂိတ်များကို ပိတ်ထားခဲ့ခြင်းဖြစ်သည်ဟု တံတားကူး လက်မှတ် သက်တမ်းသွားတိုးသူ ကိုလင်းထက်ကပြောသည် ။
” မနက်ထဲက စာရွက်မရတာ ၊ တစ်နေ့လုံးကျွန်တော်ထိုင်စောင့်နေတာ ။ ညနေ ၅ နာရီထိမရတော့မှ အဲနားက အဆောင်တွေမှာ သွားအိပ်ခဲ့တာ “ဟု ယမန်နေ့တွင် မနက်ပိုင်း၌ သက်တမ်းသွားတိုးသူ ကိုလင်းထက်ကပြောသည်။
ယမန်နေ့တွင် ညနေပိုင်း၌ သက်တမ်းသွားတိုးသည့် မဂျူးဂျူးကလည်း ည ၆ နာရီအထိ စောင့်ပြီး စာရွက်မရသဖြင့် အသိအိမ်တွင် ညအိပ်ခဲ့ရသည်ဟု ဆိုသည် ။
အဆိုပါ တံတားကို ယနေ့တွင် ပုံမှန်ပြန်ဖွင့်ပေးခဲ့သော်လည်း တန်းစီသူများပြားသဖြင့် မနက် ၆ နာရီက တန်းစီရာတွင် နံနက် ၈ နာရီခွဲမှ မဲဆောက်ဘက်ခြမ်းရောက်သည်ဟု မဂျူးဂျူးက ပြောသည် ။
ယနေ့နံနက်ပိုင်းတွင် တံတားကူးသူတချို့ဆိုလျှင်နံနက် ၄နာရီခွဲလောက်ကတည်းကကြိုတင်စောင့်နေသူများလည်းရှိသည်ဟု သိရသည် ။
တံတားကူ စာရွက်များကုန်သဖြင့် မြန်မာဘက်ခြမ်းက မိတ္တူကူးပြီး ထိုင်းဘက်ခြမ်းနှင့်ညှိနှိုင်းခဲ့သော်လည်း အဆင်မပြေခဲ့ဘူးဟု တံတား၌ လုပ်ကိုင်နေသူ အမျိုးသားတစ်ဦးက ပြောသည်။
” အဲစာရွက်တွေက ဘန်ကောက်ကနေယူရတာပြောတယ်။ မော်လမြိုင်ကို လေယာဥ်နဲ့ ရောက်ပြီး ဒီဘက်ကို ပြန်ပို့တာမှာ လမ်းတွေ ပိတ်နေလို့ ကြာနေတာလို့ သိရတယ် “ဟု ၎င်းကပြောသည် ။
ယမန်နေ့၌ မြန်မာဘက်ခြမ်းဘက်မှ တံတားပိတ်သွားသဖြင့် ပိတ်မိနေသူအများစုသည် တံတားအနီးရှိ တည်းခိုအဆောင်များတွင် ညအိပ်ခဲ့ကြရသည်။
” ဟောခန်းမှာ အိပ်တဲ့သူက ၅၀၀၀ ၊ အခန်းနဲ့ဆို ၁၅၀၀၀ ပေးရတယ်။ ကျွန်တော်က ဟောခန်းမှာပဲ အိပ်ခဲ့တယ် ။ စောင်မပေးဘူး ။ ခေါင်းအုံးတော့ပေးတယ် “ဟု ကိုလင်းထက်ကပြောသည် ။
မြဝတီ-မဲဆောက် အမှတ်၁ တံတား ယမန်နေ့၌ ပိတ်သွားခဲ့သဖြင့် ထိုင်းဘက်မှ နှစ်ကူးရက်ပိုင်းအတွင်းပိတ်ထားသည်ဟုဆိုသည့် သတင်းများအပါအဝင် သတင်းအမျိုးမျိုးထွက်ပေါ်ခဲ့သည်။
” သတင်းတွေ အမျိုးမျိုးထွက်နေလို့ နှစ်ပွင့်နဲ့အရာရှိတစ်ဦးကို မေးကြည့်တော့ တံတားက မပိတ်ဘူးတဲ့။ သူများတွေ ပြောနေတာ မယုံနဲ့တဲ့ “ဟု ကိုလင်းထက်ကပြောသည်။
အဆိုပါ အမှတ်၁ တံတားတွင် ပုံမှန်တံတားကူးလက်မှတ် သက်တမ်းတိုးသူများ၊ နှစ်ကုန်ပိုင်းကာလ မဲဆောက်ဘက်ခြမ်းသို့ စျေးလာဝယ်သူများနှင့် စက်ရုံများက အလုပ်ပိတ်သဖြင့် တချို့အလုပ်သမားများက မြန်မာဘက်မပြန်တော့ဘဲ မိသားစုများကို မဲဆောက်ဘက်ခြမ်းခေါ်သဖြင့် လာရောက်သူများရှိခြင်း စသည်တို့ကြောင့် ယခုရက်ပိုင်းအတွင်း ကမ်းကူးသူ ပုံမှန်ထက် များပြားခြင်း ဖြစ်သည်ဟု သိရသည်။
******
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/2840
YouTube – > https://youtu.be/LsSx5mAIttA?si=cQ389gohgAYNfmVR
Website – > https://thanlwinkhet.net/?p=6760