ရမ်းဗြဲမြို့တွင် တိုက်ပွဲဖြစ်ပွား၊ စစ်ကောင်စီက ဂျက်လေယာဥ်သုံးတိုက်ခိုက်နေ
******************************
မိခိုင်
ဒီဇင်ဘာ ၃၀၊ ၂၀၂၃။
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့တွင် မြို့တွင်းတိုက်ပွဲ ဖြစ်ပွားနေသည်မှာ တစ်ပတ်ကျော်ခန့်ကြာမြင့်လာပြီဖြစ်ကာ စစ်ကောင်စီက ဂျက်လေယာဥ်အသုံးပြု၍ တိုက်ခိုက်နေကြောင်း ဒေသခံများထံက သိရသည်။
ဒီဇင်ဘာလ ၁၈ ရက်က ရမ်းဗြဲမြို့၊ သိမ်တောင်တွင်
ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည့်အချိန်ကစ၍ မြို့တွင်း တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီက ဂျက်လေယာဥ်သုံးတိုက်ခိုက်နေကြောင်း မြို့ခံ ၁ ဦးကဆိုသည်။
“တိုက်ပွဲက နေ့တိုင်းလိုလို ဖြစ်ပါတယ်။ စစ်ကောင်စီတပ်က ဂျက်လေယာဥ်တွေနဲ့ လာပစ်တာရှိတယ်။၂၆ ရက်နေ့ကလည်း ဂျက်နဲ့ပစ်တယ်။ အိမ်တွေပေါ်ကိုလည်း ကျတယ်။ တစ်နေ့ကို ၄ ခေါက်လောက်ကို လေယာဥ်နဲ့ ဗုံးလာချတာ။ သိမ်တောင်ထက်ကလည်း အမြောက်တွေနဲ့ လှမ်းထုတယ်။ မြို့ခံတွေကိုတော့ အကုန်လုံး ကယ်ထုတ်တာတွေရှိပါတယ်” ဟု ဆိုသည်။
စစ်ကောင်စီတပ်အနေဖြင့် ရမ်းဗြဲမြို့ရှိ သိမ်တောင်၊ ဓမ္မာ ရုံကြီးနှင့် မြို့တော်ခန်းမများတွင် နေရာယူထားကြောင်းသိရသည်။
ရမ်းဗြဲရှိဒေသခံအားလုံး မြို့ကို စွန့်ခွာ၍ နယ်ဘက် ကျေးရွာများရှိ ဘေးလွတ်ရာနေရာများတွင် တိမ်းရှောင်နေကြကြောင်းသိရသည်။
စစ်ရှောင်များကိုကူညီနေသူ ၁ ဦးက ” လောလောဆယ်မှာက ကျွန်တော်တို့ လူမှုရေးအဖွဲ့တွေလုပ်ပြီး ကူညီနေကြတယ်။ ဒါပေမဲ့ ရေရှည်မှာကတော့ အဆင်မပြေနိုင်ဘူး။ အကူအညီပေးဖို့ လိုအပ်ပါတယ် ” ဟုပြောသည်။
ရမ်းဗြဲတစ်မြို့နယ်လုံးတွင် လူဦးရေ ၁၁၀၀၀ ခန့်ရှိပြီး ရမ်းဗြဲမြို့နယ်အပါအဝင် အနီးဝန်းကျင်ရှိ ကျေးရွာများက ဒေသခံများမှာလည်း တိမ်းရှောင်နေကြရကြောင်း သိရသည်။
ရမ်းဗြဲတွင် AA က လေးတောင်နယ်မြေရဲစခန်း၊ အောင်လှပြင်နယ်မြေရဲစခန်း ၊ ကျောက်နီမော် ရဲစခန်းနှင့် အမှတ် ၃၂ ရဲတပ်ရင်းခွဲ၊ မာယာတောင်ရဲစခန်းအား သိမ်းပိုက်ထားကြောင်း ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၄ရက်က ထုတ်ပြန်ထားသည်။
ဓာတ်ပုံ – ဒေသခံ
ပုံစာ – လက်ရှိ ရမ်းဗြဲမြို့တစ်နေရာအား တွေ့ရစဥ်။