ဒရုန်းနှင့် တိုက်ခိုက်ခံရမှုအပြီးစစ်ကောင်စီခရိုင်ရုံးနှင့် စုပေါင်းရုံးရှေ့ စစ်ဆေးရေးပိုတင်းကြပ်လာ
ရုတ်တရက်စစ်ဆေးမှုများနှင့် မထင်မှတ်သည့်ပုဒ်မများဖြင့်ဖမ်းဆီးခံရမှာကြောင့် လူ့အခွင့်အရေးဆုံးရှုံးမှုခံစားရ *******************************************
နန်းဆုပန်ခန့်
ဒီဇင်ဘာ ၁၃၊ ၂၀၂၃။
KNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့က ပြီးခဲ့သည့် ဒီဇင်ဘာလ ၆ ရက်နှင့် ၇ ရက်တွင် မြဝတီမြို့ရှိ မြဝတီမြို့မ ရဲစခန်းနှင့် ခရိုင်ရဲတပ်ဖွဲ့မှူးရုံးကို ဒရုန်းဖြင့် တိုက်ခိုက်မှုအပြီး စစ်ကောင်စီဘက်က စစ်ဆေးရေး ပိုမိုတင်းကြပ် ထားသည်ဟု ဒေသခံများထံကသိရသည်။
မြဝတီဒေသခံ လူငယ် ၁ ဦးက “ မနေ့တုန်းကဆိုရင် ရဲတွေက စတန်းဘိုင်အနေနဲ့ အဆင်သင့်ပြင်ထားတာတွေ့ရ တယ်။ စစ်ဆေးမှုကတော့ တင်းတင်းကြပ်ကြပ်ရှိနေတယ်။ ခရိုင်ရုံးတို့ စုပေါင်းရုံးတို့ ဒီလိုရုံးတွေရှေ့မှာတော့ ဂိတ် တွေ ပိတ်ထားတာတော့ အရင်ကတည်းက ပေါ့နော်။ အခုဆိုရင် ပိုပြီးတော့ ဆိုးတာပေါ့နော်။ လုံးဝဖြတ်သန်း သွား လာခွင့်တွေ မပေးတော့ဘူး။ ပတ်လမ်းတွေကပဲ ပေးသွားတာတွေရှိတယ်” ဟု ဒရုန်းနှင့် တိုက်ခိုက်ခံရမှုပြီးနောက် အခြေအနေကို ပြောသည်။
ကော့ကရိတ်တိုက်ပွဲဖြစ်ပွားခဲ့သည့် နိုဝင်ဘာလ ၃၀ ရက် ညဥ့်သန်းခေါင်ယံအချိန်ကစ၍ ယခုအချိန်ထိ ၂ ပတ် နီးပါးအကြာ အာရှအဝေးပြေးလမ်းသစ်၊ လမ်းဟောင်းပိတ်သွားခဲ့သောကြောင့် ထို့ကော်ကိုးဘက်က ကူးသန်းသွား လာနေရသော်လည်း ယနေ့ ဒီဇင်ဘာ ၁၃ ရက်မှာတော့ အဆိုပါထို့ကော်ကိုးလမ်းကိုလည်း ပိတ်တော့မည်ဟုကြား ကြောင်း ဒေသခံ ၁ ဦးကပြောသည်။
“ ကော့ကရိတ်ဘက်ခြမ်းမှာတော့ ဒီစစ်ကြောင်းတွေ( စစ်ကောင်စီ ) နဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဘက်က ပိတ်ဆို့ထားတယ်။ တိုက်ပွဲထိတွေမှုကတော့ နေ့စဉ်လိုလိုဖြစ်နေတယ်ပေါ့နော်။ ဒီနေ့ ၁၃ ရက်ဆိုရင် ထို့ကော်ကိုး လမ်းကို ပိတ်မယ်လို့ ကျွန်တော်တို့ကြားနေရတယ်။ ပိတ်မပိတ်ဆိုတာတော့ မသိသေးဘူးပေါ့နော်” ဟု ၎င်းက ဆိုသည်။
စစ်အာဏာသိမ်းချိန်ကစပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ စုံစစ်ဆေးမှုများပြုလုပ်ခြင်း၊ အရပ်ဝတ်ဖြင့်လည်း ဖုန်း ၊ ဆိုင်ကယ်များကို စစ်ဆေးမှုများပြုလုပ်ခြင်းကြောင့် လူ့အခွင့်အရေးဆုံးရှုံးသလိုခံစားနေရသည်ဟုလည်း ဒေသခံ လူငယ် ၁ ဦးကပြောသည်။
၎င်းက “ရုတ်တရက်ဖုန်းတွေယူစစ်တာတို့၊ မထင်မှတ်ဘဲနဲ့ ကျွန်တော်တို့ဆိုင်ကယ်တွေကို အဖွဲ့စုံက အနှောင့်အယှက်ဖြစ်အောင်လုပ်တာတို့က အမှန်တကယ်ဆိုရင်တော့ ဒါ လူ့အခွင့်အရေးဆုံးရှုံးမှုတွေ ဖြစ်ပေါ်စေ တာပေါ့နော်။ မထင်ရင်မထင်သလို မထင်တဲ့ပုဒ်မတွေနဲ့ ဖမ်းဆီးထိန်းသိမ်းခံရမှာ အမြဲတမ်း ကြောက်ရွံ့နေရတဲ့ အတွက် ကျွန်တော်တို့က တော်တော်စိုးရိမ်နေရတာပေါ့နော်။ ကျွန်တော်တို့ကတော့ စစ်အာဏာသိမ်းပြီးနောက် ပိုင်း ဒီလို ရှောင်တခင်စစ်ဆေးတာတွေ၊ ရုတ်တရက်ဖမ်းဆီးထိန်းချုပ်တာတွေကို ကျွန်တော်တို့ကတော့ လုံးဝ မကြိုက်မနှစ်သက်ဘူးပေါ့ဗျာ “ ဟု သံလွင်ခက်ကိုပြောသည်။
စစ်တပ်အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကစ၍ ၂၀၂၃ ဒီဇင်ဘာလ ၁၂ ရက်အထိ စစ်ကောင်စီ၏ ဖမ်းဆီးခံရသူပေါင်း ၂၅, ၅၃၇ ဦးရှိပြီး ထိုအထဲတွင် ၁၉,၇၄၇ ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ၈,၃၀၃ ဦး မှာ ထောင်ဒဏ်ချမှတ်ခံထားရသည်ဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း – AAPP က ထုတ်ပြန် ထားသည်။
ပုံစာ- ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်တပ်အာဏာသိမ်းချိန်ကစ၍ ၂၀၂၃ ဒီဇင်ဘာလ ၁၂ ရက်အထိ ဖမ်းဆီးခံထား ရသည့် ပြည်သူများစာရင်းဖော်ပြချက်။
ဓာတ်ပုံ – AAPP ။
******
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/2717
Website – > https://thanlwinkhet.net/?p=6593