ရန်ကုန်မြို့လမ်းပေါ် ဆန္ဒပြဖြစ်စဥ် လူငယ်နှစ်ဦးသေဆုံး
******************************
သံလွင်ခက်
ဒီဇင်ဘာ ၉ ၊ ၂၀၂၃ ။
ရန်ကုန်မြို့၊ တာမွေမြို့နယ်တွင် ကားတာယာမီးရှို့၍ ဆန္ဒပြခဲ့သည့်ဖြစ်စဥ်၌ ပစ်ခတ်ဖမ်းဆီးရာ ဆန္ဒပြလူငယ်၄ဦးလုံးဖမ်းမိပြီး နှစ်ဦးမှာ မစိုးရိမ်ရဒဏ်ရာရရှိခဲ့သည်ဟု ရဲကြေးနန်းစာတွင် မှတ်တမ်းတင်ထားသော်လည်း ဒဏ်ရာရ လူငယ်နှစ်ဦးမှာ သေဆုံးခဲ့သည်ဟု သံလွင်ခက်က စုံစမ်းသိရှိရသည်။
ယမန်နေ့ ဒီဇင်ဘာ ၈ ရက်၊ ညဦးပိုင်း၌ဖြစ်ပွားခဲ့သည့် ဆန္ဒပြစဥ်နှင့်ပတ်သက်၍ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များ၏ ကြေးနန်းစာတွင် “ယနေ့ ဒီဇင်ဘာလ ၈ ရက်နေ့ ညနေ
၆:၃၀ ချိန်ခန့် တာမွေမြို့နယ်၊မလွှကုန်းဌေးကြွယ်ကရပ်ကွက်၊ အာသောကလမ်းအနီး စီစစ်ဆဲယာဉ်ပေါ်မှ တာယာကွင်းချ၍ မီးရှို့ဆန္ဒပြနေကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ လိုက်လံရှာဖွေရာ တာမွေမြို့နယ်၊ကျောက်မြောင်းကြီးရပ်ကွက်၊သီတာလမ်း ကားမှတ်တိုင်အနီး ဆန္ဒပြလူငယ်(၄)ဦးအားတွေ့ရှိ ၍ပစ်ခတ်ဖမ်းဆီးရာ (၂)ဦး မစိုးရိမ်ရဒဏ်ရာရရှိပြီး၊ (၄)ဦးလုံးဖမ်းဆီးရမိပြီး ယင်းတို့ထံမှလက်လုပ်ဗုံး(၂)လုံးတွေ့ရှိကြောင်း ကနဦးသတင်းရရှိ “မှတ်တမ်းတင်ဖော်ပြထားသည်။
အဆိုပါဖြစ်စဥ်နှင့်ပတ်သက်၍ ပစ်ခတ် ဖမ်းဆီးခံလိုက်ရသည့် လူငယ်များ သေဆုံးမှု ရှိ၊ မရှိအား မျက်မြင်တွေ့ရှိသူများနှင့် သပိတ်အင်အားစုတချို့ထံ ဆက်သွယ်မေးမြန်းခဲ့ရာအတည်ပြုပြောရန်ခက်ခဲနေသည်ဟု ပြောဆိုကြသည်။
ထို့ကြောင့် သံလွင်ခက်အနေဖြင့် ဆက်လက်စုံစမ်းမေးမြန်းနေခဲ့ရာ ယနေ့နံနက် ၁၀ နာရီကျော်အချိန်၌ ဓာတ်ပုံသက်သေနှင့်တကွ လူငယ်နှစ်ဦးသေဆုံးခဲ့ကြောင်းကို ရဲတပ်ဖွဲ့ဝင်များနှင့်နီးစပ်သူ သတင်းအရင်းအမြစ်ထံမှ သိရှိခဲ့ရသည်။
” အားလုံး ၄ ယောက် ၊ ၂ ယောက်သေ၊ ၂ ယောက်အရှင်ဖမ်းမိတာ “ဟု ၎င်းကပြောသည် ။
ယမန်နေ့ ဆန္ဒပြမှုဖြစ်စဥ်ကို ရန်ကုန်မြို့ပြတော်လှန်ရေးအင်အားစုများစုပေါင်း ချိတ်ဆက်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
စစ်ကောင်စီ၏ စီမံခန့်ခွဲမှု အလွဲအမှားများကြောင့် ဖြစ်ပေါ်နေသော ကုန်စျေးနှုန်းကြီးမြင့်မှု၊ လောင်စာဆီ စျေးနှုန်းမြင့်တက်မှုနှင့် လုံလောက်စွာ မရရှိမှု စသည့် အထွေထွေ အကျပ်အတည်းများကို ရည်ရွယ် ဆန္ဒပြခြင်းဟု ဆိုသည်။
ထိုဆန္ဒပြမှုကို ပစ်ခတ်ခဲ့ရာတွင် ပစ်ခတ်သူများ၌ အရပ်သားဝတ်ဆင်သူများပါ ပါနေသည့်အတွက် ဆန္ဒပြမှုအား ဖြိုခွင်းခြင်းထက်ပိုသော ရည်ရွယ်ချက်ရှိကြောင်းနှင့် လူငယ်များအနေဖြင့် အန္တရာယ်များပြီး လုံခြုံမှုအားနည်းသည့် လမ်းပေါ် ဆန္ဒပြမှုများကို ရှောင်ရှားသင့်နေပြီးဟု ရန်ကုန်မြို့ပြည်သူတချို့က မှတ်ချက်ပြု ပြောဆိုသည်။
သေဆုံးခဲ့သော ဆန္ဒပြလူငယ်၂ဦး နှင့် ဖမ်းဆီးခံလိုက်ရသည့် လူငယ်၂ဦး၏ မှတ်တမ်းပုံများကို သံလွင်ခက်၏ ဝက်ဆိုက်နှင့်တယ်လီဂရမ်တို့တွင် ဝင်ရောက်ကြည့်ရှု့နိုင်သည် ။
*******
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/2665
YouTube- > https://youtu.be/SpxIBpTYop8
Website – https://thanlwinkhet.net/?p=6544