ကော့ကရိတ်တိုက်ပွဲနှင့်အတူ မြဝတီမြို့မရဲစခန်း ၂ ရက်ဆက်တိုက်ဒရုန်းနှင့်အတိုက်ခံရ
******************************
နန်းဆုပန်ခန့်
ဒီဇင်ဘာလ ၈ ၊ ၂၀၂၃။
ကရင်ပြည်နယ်၊ မြဝတီမြို့မရဲစခန်းအား KNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့က ဒရုန်းနှင့် ၂ ရက်ဆက်တိုက်သွား ရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဒေသခံများနှင့် ကာကွယ်ရေးတပ်ဖွဲ့များထံကသိရသည်။
ဒီဇင်ဘာလ ၆ ရက်၊ ည ၆ နာရီအချိန်တွင် ခရိုင်ရဲတပ်ဖွဲ့မှူးရုံးနှင့် မြို့မရဲစခန်းကို KNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့ က ဒရုန်းနှင့်သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“ ဟုတ်တယ်။ ဒရုန်းနဲ့ကြဲတာ ၁ မြို့လုံးကြားရတယ်။ ဒရုန်းနဲ့အကြဲခံရတဲ့ အဝိုင်းအဝန်းမှာလည်း လူနာတင်ကား တွေ သွားလာတာတွေ့ရတယ်” ဟု ဒေသခံ ၁ ဦးက ဒီဇင်ဘာ ၆ ရက် ညပိုင်းက ဒရုန်းနှင့်တိုက်ခိုက်ခဲ့သည့် အခြေ အနေအား သံလွင်ခက်ကိုပြောသည်။
ဒီဇင်ဘာ ၇ ရက်၊ ညပိုင်းမှာလည်း KNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက ဒရုန်း ၂ စင်းနှင့် သွားရောက်တိုက်ခိုက်ခဲ့ စဉ်တွင် ဒရုန်း ၁ စင်းပစ်ခတ်ခံရမှုကြောင့်ပျက်ကျသွားကြောင်း ဒေသခံများကဆိုသည်။
စစ်ကောင်စီမြို့မရဲစခန်းကို ဒရုန်းနှင့်သွားရောက်တိုက်ခိုက်ခဲ့သည့် ကာကွယ်ရေးအဖွဲ့ဝင် PDF ၁ ဦးကတော့
“ဒရုန်းပျက်ကျသွားတာမဟုတ်ဘူးနော်။ အေးဆေးပဲ။ သူတို့ထိခိုက်သေဆုံးမှုကိုတော့မသိရဘူး” ဟုလည်း သံလွင်ခက်ကိုပြောကြားသည်။
ဒီဇင်ဘာ ၆ ရက်၊ ညပိုင်း ဒရုန်းနှင့် သွားရောက်တိုက်ခိုက်နေချိန်တွင် စစ်ကောင်စီဘက်က လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခြင်း၊ လျှပ်စစ်မီးဖြတ်တောက်ခြင်းများ လုပ်ဆောင်နေကြောင်းလည်းဒေသခံများထံက သိရ သည်။
ကော့ကရိတ်တိုက်ပွဲ အပြင်းအထန်စတင်ဖြစ်ပွားခဲ့သည့် နိုဝင်ဘာ ၃၀ ရက်၊ ညသန်းခေါင်ယံအချိန်ကစပြီး ထိုင်း-ကရင်နယ်စပ်မြို့ဖြစ်သည့် မြဝတီမြို့တွင်းရှိ စစ်ကောင်စီတပ်စခန်း၊ ရဲစခန်းများကိုလည်း လက်နက်ကြီးဖြင့် ပစ် ခတ်ခြင်း၊ ဒရုန်းနှင့် သွားရောက်တိုက်ခြင်းများ ပြုလုပ်နေသည်ဟု ဒေသခံများကဆိုသည်။
၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁ ရက်တွင် စစ်ကောင်စီလက်အောက်ခံ သင်္ဃန်းညီနောင် ရဲစခန်းကို KNLA နှင့် PDF ပူး ပေါင်းတပ်ဖွဲ့က သွားရောက်စီးနင်းခဲ့သေးသည်။
ပြီးခဲ့သည့် မတ်လ ၂၅ ရက်တွင် မြဝတီကုန်သွယ်ရေးဇုန်နှင့် သင်္ဃန်းညီနောင်ရဲစခန်းတို့အပါအဝင် မြဝတီမြို့အနီးရှိ စစ်ကောင်စီပစ်မှတ်များကို ပူးပေါင်းတပ်များက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။
ပုံစာ – မြဝတီမြို့မရဲစခန်း။
ဓာတ်ပုံ – CJ
*******
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/2663
YouTube- > https://youtu.be/SpxIBpTYop8
Website – https://thanlwinkhet.net/?p=6541