ချင်းပြည်ကောင်စီနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေအတည်ပြု
**************************
သံလွင်ခက်
ဒီဇင်ဘာ ၇ ၊ ၂၀၂၃ ။
ပထမအကြိမ် ချင်းပြည်ကောင်စီညီလာခံကို ကျင်းပခဲ့ပြီး ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ချင်းပြည်ကောင်စီကို အတည်ပြုနိုင်ခဲ့သည်ဟု ယနေ့တွင် ချင်းပြည်ကောင်စီက သတင်းထုတ်ပြန်သည်။
အဆိုပါ ညီလာခံကို ဒီဇင်ဘာ ၄ ရက်မှ ၇ ရက် ထိ Victoria Base တွင် ကျင်းပခဲ့ပြီး ချင်းအမျိုးသားတပ်ဦး (CNF) ကိုယ်စားလှယ်များ၊ ချင်းလွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့ ကိုယ်စားလှယ်များ၊ မြို့နယ်နှင့် ဒေသအစုအဖွဲ့ ကိုယ်စားလှယ်များနှင့် ပြည်တွင်း ပြည်ပ ဧည့်သည်များ စုစုပေါင်း ၂၃၅ ဦး တက်ရောက်ခဲ့သည်။
ချင်းပြည်ကောင်စီ၏ ရည်မှန်းချက်မှာ အမျိုးသားကိုယ်ပိုင်ပြဌာန်းခွင့်အာမခံချက်ရှိသော ချင်းပြည်တည်ဆောက်ရန်၊ နိုင်ငံရေးနှင့် အမျိုးသားတန်းတူ အာမခံချက်ရှိသော ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရန်နှင့် ဒီမိုကရေစီစနစ် တည်ဆောက်ရန် ဖြစ်သည်ဟု ဆိုသည်။
အဆိုပါ ကောင်စီအနေဖြင့် ချင်းပြည်လွှတ်တော်၊ ချင်းပြည်အစိုးရအဖွဲ့နှင့်ချင်းပြည်တရားလွှတ်တော်ချုပ်တို့ကို ရက်ပေါင်း ၆၀ အတွင်း ဖွဲ့စည်းသွားမည်ဟု ဖော်ပြထားသည်။
ချင်းပြည်နယ်တွင် တော်လှန်ရေး ပူးပေါင်းတပ်များက ရိခေါဒါရ်မြို့ (ဖလမ်းမြို့နယ်)၊လိုင်လင်းပီမြို့ (မတူပီမြို့နယ်)၊ ရေဇွာမြို့ (မတူပီမြို့နယ်)တို့ကို လက်ရှိစစ်ဆင်ရေးကာလအတွင်း၌ ထိုးစစ်ဆင်သိမ်းပိုက်ထားနိုင်ခဲ့သည်။
ပုံစာ-ပူးပေါင်းတပ်များသိမ်းပိုက်ထားသည့် ချင်း-အိန္ဒိယနယ်စပ် ရိခေါဒါရ်မြို့ ။
*******
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/2657
YouTube- > https://youtu.be/SpxIBpTYop8
Website – https://thanlwinkhet.net/?p=6534