စစ်အာဏာသိမ်း၃ နှစ်နီးပါးကာလအတွင်း စက်သုံးဆီနှင့် ဆန်ဈေး ၂ ဆ ကျော်မြှင့်တက်
*************************
နန်းဆုပန်ခန့်
ဒီဇင်ဘာလ ၇၊ ၂၀၂၃။
စစ်အာဏာသိမ်း ၃ နှစ်နီးပါးကာလအတွင်း စက်သုံးဆီနှင့် ဆန်ဈေး ၂ ဆကျော်မြှင့်တက်နေသည်ဟု မြေပြင်ရှိ ဒေသခံများထံက သိရသည်။
စစ်အာဏာမသိမ်းခင်ကာလတွင် ဓာတ်ဆီ ၁ လီတာ ၁ ဘူးကို ၁,၀၀၀ ကျပ်သာရှိပြီး အာဏာသိမ်းကာလ ၃ နှစ် နီး ပါးအကြာမှာတော့ နယ်ဘက်တွင် ဓာတ်ဆီ ၁ လီတာ ၁ ဘူးကို ၄,၀၀၀ ကျပ် ဝန်းကျင်အထိရှိလာသည်ဟု မုံရွာမြို့၊ အမြင့်လမ်းကျေးရွာနေ ဒေသခံ ၁ ဦးက ယနေ့ ဒီဇင်ဘာလ ၇ ရက် မနက်ခင်းပိုင်းတွင် သံလွင်ခက် ကို ပြောသည်။
“အခက်အခဲတွေကတော့ တောတွေဘက်မှာဆို စိုက်ခင်းရေတင်တာတွေအကုန် အခက်အခဲ ဖြစ်တယ်ဗျ ။ အခုက အလုပ်မရှိရင် စားသောက်ဖို့ကအလွန်ခက်ခဲတယ်။ ကုန်စျေးနှုန်းကအဆမတန်ကြီးနေတာရော ၊ အခုကျ ဓာတ်ဆီ ပါဝယ်မရတော့ အခက်အခဲများစွာပါပဲ” ဟု ရင်ဆိုင်နေရသည့် အခက်အခဲကို ၎င်းက ပြောသည်။
စစ်အာဏာမသိမ်းခင်ကာလတွင် ပေါ်ဆန်းမွှေးဆန်နှင့် ဧရာမင်းဆန်ဈေးနှုန်းက မုံရွာမြို့တွင် ၇၀,၀၀၀ ကျပ်ဝန်း ကျင်သာရှိသော်လည်း စစ်အာဏာသိမ်းကာလမှာတော့ ဆန်ကောင်းဈေးနှုန်းက ၁၅၀,၀၀၀ ကျပ်အထိ ရှိလာ သည် ဟု ဒေသခံ ၁ ဦးကပြောသည်။
“ ကုန်စျေးနူန်းကအဆမတန်မြင့်မားနေတော့ လက်လုပ်လက်စားသမားတွေ ထမင်းနှပ်မှန်ဖို့ဆိုတာ မသေချာ တော့ဘူးဗျ” ဟု ၎င်းကဆိုသည်။
နယ်ဘက်တွေမှာ စက်သုံးဆီဈေးက ၄၀၀၀ ဝန်းကျင်သာရှိပေးသော်လည်း စက်သုံးဆီဝယ်ရခက်ခဲနေသည့် ကရင်နီပြည်၊ ကလေးမြို့နှင့် အချို့မြို့များတွင် စက်သုံးဆီဈေးက ၁၀,၀၀၀ နှင့် အထက်ရှိသည်ဟုလည်း သိရ သည်။
ဒေသခံတချို့က “ စက်သုံးဆီနဲ့ ဒီဇယ်တွေ သထုံကနေ ရန်ကုန်အထိ ဝယ်မရတော့ဘူး၊ မြဝတီကနေလည်း ဒီဘက်ကိုဆင်းလာလို့မရတော့ဘူး တိုက်ပွဲကဖြစ်နေတယ်” ဟု ဒီဇင်ဘာလ ၆ ရက်က သံလွင်ခက် ကိုပြောသည်။
ကော့ကရိတ်မြို့တွင် ဒီဇင်ဘာလ ၁ ရက်၊ ညပိုင်းအချိန်ကစပြီး KNLA ပူးပေါင်းတပ် နှင့် စစ်ကောင်စီ၊ နယ်ခြား စောင့်တပ် BGF တို့ကြား တိုက်ပွဲပြင်းထန်ခဲ့သောကြောင့် မြဝတီမြို့နေဒေသခံများအနေဖြင့် ကော့ကရိတ်ကို သွားမရသလို ကော့ကရိတ်ဒေသခံများမှာလည်း နီးစပ်ရာ ထွက်ပြေးတိမ်းရှောင်နေရသည်။
ဒေသခံများအနေဖြင့် စက်သုံးဆီရရှိရန်အတွက် တန်းစီဝယ်ယူနေရပြီး ဆီပြတ်လပ်မှုများကြုံတွေ့နေရသော် လည်း စစ်ကောင်စီဘက်ကတော့ ဆီသင်္ဘောတွေ အဆက်မပြတ်ရောက်ရှိနေကြောင်း မကြာခဏ ထုတ်ပြန်ပြော ဆိုနေသည်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကုန်ဈေးနှုန်းကြီးမြင့်မှု၊ လျှပ်စစ်မီးပြတ်တောက်မှု၊ ဆီပြတ်လပ်မှု စသည့် အထွေထွေအကြပ်အတည်းများစွာနှင့် မြန်မာပြည်သူများ ရင်ဆိုင်နေကြရသည်။
ပုံစာ – ရန်ကုန်မြို့ရှိ ဆီဆိုင် ၁ ဆိုင်တွင် ဆီထည့်ရန်စောင့်ဆိုင်းနေကြစဥ်။
ဓာတ်ပုံ – သံလွင်ခက်။
*******
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/2656
YouTube- > https://youtu.be/SpxIBpTYop8
Website – https://thanlwinkhet.net/?p=6530