မိခိုင်
နိုဝင်ဘာ ၃၀၊ ၂၀၂၃။
နိုဝင်ဘာလ ၁၃ ရက်က ရခိုင်ပြည်နယ်တွင် စတင်ခဲ့သည့် ရက္ခိုင့်တပ်တော် နှင့် စစ်ကောင်စီတို့၏ တကျော့ပြန်တိုက်ပွဲများအတွင်း ဒေသခံများ စားနပ်ရိက္ခာပြတ်လပ်မှုများနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်ဟု သိရသည်။
စစ်ဘေးရှောင်စခန်းများတွင်လည်း ယခင်စစ်ဘေးရှောင်များအပြင် နောက်ထပ် စစ်ဘေးဒုက္ခသည်များ ထပ်မံရောက်ရှိလာပြီး လမ်းပန်းဆက်သွယ်ရေးပြတ်တောက်နေသည့်အတွက် ပိုမိုခက်ခဲနေကြောင်း ပုဏ္ဏားကျွန်းမြို့ နယ် ရထားဘူတာစစ်ရှောင်စခန်းက စစ်ရှောင် ၁ ဦးက ပြောသည်။
” WFP ကလည်း မရောက်တော့ဘူး။ ကျွန်တော်တို့ ရိက္ခာလည်း ပြတ်နေပြီ ။ ဆန် ၁ တောင်းကို ၃သောင်းနဲ့လည်း ဝယ်မစားနိုင်ဘူးလေ။ ပိုက်ဆံတတ်နိုင်တဲ့လူတွေပဲ စားသောက်နိုင်တော့တယ်။ ရိက္ခာတွေက စျေး ၂ ဆ လောက် ခုန်တက်သွားတော့ ကျွန်တော်တို့ မတတ်နိုင်တော့ဘူး” ဟု ၎င်းက ဆိုသည်။
ထို့ပြင် ပေါက်တောဘက်တွင် လက်ရှိခိုလှုံနေသည့် စစ်ဘေးရှောင်များနှင့် ဒေသခံများမှာလည်း လမ်းပန်းဆက်သွယ်ရေး လုံးဝပြတ်တောက်နေသည့်အတွက် စား၀တ်နေရေးကြပ်တည်းနေကြောင်း ဒေသခံအမျိုးသမီး ၁ ဦးက ပြောသည်။
” ကျွန်မတို့ရွာဘက်တွေမှာ ပိုက်ဆံရှိပေမယ့် ပိုက်ဆံထုတ်မရတော့ဘူး။ ပိုက်ဆံမရတော့ ပိုအခက်အခဲဖြစ်တယ်။ ငရုတ်သီးက ၁၀၀ ဖိုး ၂ တောင့်ပဲ ရတယ်။ ရိက္ခာတွေက အတော်လေးစျေးတက်တော့ ငတ်သေဖို့ပဲ ကျန်တော့ တယ်” ဟု ၎င်းက ဆိုသည်။
ရခိုင်ပြည်နယ်ရှိ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ ပုဏ္ဏားကျွန်းမြို့နယ်များရှိ ကျေးရွာများတွင်လည်း စစ်ရှောင် သောင်းချီရှိနေပြီး ဆန်၊ ဆီ၊ ဆား ၊ လောင်စာဆီ နှင့် ဆေးဝါးများ ပြတ်လပ်နေကြောင်း သိရသည်။
မင်းပြား၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ မြောက်ဦးမြို့နယ်ဘက်များတွင်လည်း စစ်ကောင်စီတပ်က ကုန်းလမ်း ရေလမ်း ပိတ်ဆို့ထားသည့်အတွက် နယ်ဘက်ကျေးရွာများကဒေသခံများ စားဝတ်နေရေး ၊ ကျန်းမာရေး စသည့် ကိစ္စများတွင် အခက်အခဲ ကြုံနေကြရသည်။
ရခိုင်ပြည်နယ်၏ တကျော့ပြန်တိုက်ပွဲမတိုင်ခင်ကပင် စစ်ဘေးရှောင် ၆၀,၀၀၀ ကျော်အထိရှိနေခဲ့ပြီး လက်ရှိတွင် လည်း စစ်ဘေးရှောင် ၂၀,၀၀၀ ကျော်အထိ ထပ်တိုးလာကြောင်း စစ်ဘေးရှောင် ကူညီကယ်ဆယ်သူများက ဆိုကြသည်။
ယခုကဲ့သို့ စစ်ကောင်စီဘက်က ဒေသခံပြည်သူများအပေါ် စားနပ်ရိက္ခာ ဖြတ်တောက်ထားခြင်းကြောင့် ပြည်သူ အများ ဒုဗ္ဘိက္ခန္တရကပ်ဆိုက်စေသည့်အတွက် စစ်ကောင်စီလုပ်ရပ်အားရှုတ်ချကြောင်း ရခိုင်အရေးလှုပ်ရှားနေသည့် အမျိုးသမီး ၁ ဦးက ဆိုသည်။
” ပြည်သူတွေကို ရိက္ခာဖြတ်တောက်တာက မဖြစ်သင့်ဘူး။ ဒါပေမယ့် သူတို့ပြောလာရင် AA ကိုပဲ ရိက္ခာဖြတ်တာ လို့ပြောနိုင်တယ်။၊ သူတို့လုပ်ရပ်က အပြစ်မရှိတဲ့ပြည်သူတွေ အငတ်ဘေးဆိုက်အောင်၊ တစ်ဘက်ကဆို စစ်ကို ကြောက်သွားအောင် အကြောက်တရား သွင်းနေတာပေါ့ ” ဟု ဆိုသည်။
စစ်ကောင်စီက စစ်ပွဲဖြစ်ပွားခြင်းမရှိသည့်နေရာများတွင်ပါ စားဝတ်နေရေးအတွက် သွားလာနေသူများကိုပါ ပစ်ခတ်ခြင်းများပြုလုပ်နေသည်များ မြင်တွေ့နေရသည့်အပြင် ကုလားတန်မြစ်ကြောင်းတစ်လျှောက်ရှိ ကျေးရွာများကိုလည်း Navy ကတဆင့် ပစ်ခတ်မှုများ အဆက်မပြတ်ပြုလုပ်နေသည့်အတွက် ဒေသခံများ ဘေးလွတ်ရာသို့ နေ့စဥ်ပြောင်းရွှေ့နေကြသည်။
တိုက်ပွဲဖြစ်ပွားနေသည့် ပေါက်တောဘက်တွင်လည်း ဂျက်တိုက်လေယာဥ်၊ တိုက်ခိုက်လေယာဥ်များအပြင် Navy ဘက်ကလည်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်လျက်ရှိသည်။
ပုံစာ – ရခိုင်ပြည်နယ်က စစ်ရှောင်များ။
ဓာတ်ပုံ – သံလွင်ခက်။
*******
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/2600
YouTube- > https://youtu.be/SpxIBpTYop8
Website – https://thanlwinkhet.net/?p=6450