ရှမ်းမြောက်မှာ MNDAAနဲ့ TNLA တို့ လွတ်မြောက်ဒေသအဖြစ် စိုးမိုးနိုင်ဖို့ အဓိကမြို့ ၄ မြို့ကျန်
********************************
သံလွင်ခက်
နိုဝင်ဘာ ၂၈ ၊ ၂၀၂၃ ။
၁၀၂၇ စစ်ဆင်ရေး ၁ လတာကာလအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းက MNDAAနဲ့ TNLA တို့ရဲ့ လှုပ်ရှားနယ်မြေတွေမှာ မြို့ ၁၀ မြို့ဝန်းကျင်နဲ့ စစ်ကောင်စီတပ်စခန်း ၂၃၀ ကျော် သိမ်းပိုက်နိုင်ခဲ့ပါတယ်။
MNDAA နဲ့ ပူးပေါင်းတပ်တွေက အဓိက စစ်ဆင်ရေးဖော်ဆောင်နေတဲ့ ကိုးကန့်ဒေသမှာ မနေ့က နိုဝင်ဘာ ၂၇ ရက်ထိ စစ်ကောင်စီစခန်းပေါင်း ၁၇၈ ခုကို သိမ်းပိုက်ထားနိုင်ခဲ့တယ်လို့ MNDAAက သတင်းထုတ်ပြန်ပါ တယ်။
ဒီလိုစခန်းအများအပြားသိမ်းပိုက်ထားနိုင်ခဲ့တာကြောင့်လည်း အရပ်သားပြည်သူတွေကို အကြောင်းမဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတဲ့ စစ်ကောင်စီတပ်စခန်းတွေ သိပ်မကျန်တော့ဘူးလို့ MNDAA ရဲ့ ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်း ကပြောပါတယ်။
“အရပ်သားပြည်သူလူထုကို ထိခိုက်နိုင်တဲ့ စခန်းတော့နည်းနည်းကျန်ပါသေးတယ်ဗျ။ ဥပမာ လောက်ကိုင် ဒကစ တို့၊ ကုန်ကြမ်း စခန်းကြီးတို့ ၊ နောက် တာရွှေထန်စခန်းကုန်းတို့ ဒါတွေက ပြည်သူလူထုကို အန္တရာယ်ဖြစ်စေတဲ့ စခန်းတွေ ဖြစ်ပါတယ်ဗျ “လို့၎င်းကပြောပါတယ်။
အလားတူ TNLA နဲ့ပူးပေါင်းတပ်တွေကလည်း စစ်ကောင်စီ တပ်စခန်း ၆၀ နီးပါး သိမ်းပိုက်ထားနိုင်ပြီး ရှမ်းမြောက်ပိုင်းမှာ MNDAAနဲ့ TNLA တို့က မြို့တွေနဲ့တပ်စခန်းအများအပြားကို သိမ်းထားနိုင်ပေမယ့် လွတ်မြောက်နယ်မြေအဖြစ် စိုးမိုးသွားနိုင်ဖို့တော့ အဓိက မြို့ ၄ မြို့မှာ ရှိတဲ့ စစ်ကောင်စီဗျူဟာစခန်းတွေသိမ်းဖို့ လိုအပ်နေသေးတယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။
” ရှမ်းမြောက်မှာ မြို့ ၁၀ မြို့လောက် ထိန်းချုပ်ထားနိုင်ပြီပေါ့ဗျာ။ သို့သော်အဲမှာ ဗျူဟာမြို့တွေ မသိမ်းပိုက်နိုင်သေးဘူး။ ဥပမာ လောက်ကိုင်၊ ကျောက်မဲ၊ လားရှိုးပေါ့ဗျာ။ ကွတ်ခိုင် ။ အဲနေရာတွေမှာရှိနေတဲ့ ဗျူဟာစခန်းကုန်းတွေကို မသိမ်းပိုက်နိုင်သေးပါဘူး။ အခုကို ပထမဦးဆုံးအနေနဲ့ MNDAA အနေနဲ့ လောက်ကိုင်ခွင်ကို လောက်ကိုင်မြို့ကို သိမ်းပိုက်ဖို့ စီစဥ်ပြင်ဆင်နေတာဖြစ်ပါတယ်။ အလားတူ TNLAအနေနဲ့ခုနပြောတဲ့ ကျောက်မဲ၊ လားရှိုး မြို့တွေကို သိမ်းပိုက်နိုင်အောင်ကြိုးစားရပါအုံးမယ်။ သိမ်းပိုက်ပြီးရင်တော့ ဆက်စပ်နေတဲ့ လွတ်မြောက်ဒေသတစ်ခုကို စတင်ပြီးတော့ စိုးမိုးနိုင်ပြီလို့ ပြောလို့ရပါတယ် “လို့ ဦးသန်းစိုးနိုင်က သုံးသပ်ပြောကြားခဲ့ပါတယ်။
ကျန်ရှိနေတဲ့ အဲဒီမြို့တွေထဲမှာဆိုရင်လည်း လောက်ကိုင်မြို့ကိုတော့ MNDAA နဲ့ ပူးပေါင်းတပ်တွေက ပိတ်ဆို့ဝန်းရံထားပြီးပတ်ပတ်လည်က စခန်းတွေကို သိမ်းထားနိုင်တဲ့ အနေအထားရှိနေတာမို့ ရက်ပိုင်းအတွင်းမှာ တိုက်ခိုက်သိမ်းပိုက်နိုင်တဲ့ အခြေအနေရှိတယ်လို့ ဆိုပါတယ်။
လားရှိုးနဲ့ ကျောက်မဲမြို့တွေကို သိမ်းပိုက်နိုင်ဖို့အတွက်လည်း အဲဒီဒေသမှာရှိတဲ့ စစ်ကောင်စီစခန်းတွေကို တောက်လျှောက်တိုက်ခိုက် သိမ်းပိုက်တာတွေကို ပူးပေါင်းတပ်တွေက လုပ်ဆောင်နေတာပါ ။
နိုဝင်ဘာလ ၂၇ ရက်ကလည်း ည ၇ နာရီခွဲလောက်မှာ MNDAA နဲ့ TNLAတို့ပူးပေါင်းပြီး ကျောက်မဲနဲ့ လားရှိုးကြားက ခုတန်စေတီကုန်း High Point စစ်ကောင်စီတပ်စခန်းကို ခြေလျင်နဲ့ ဒရုန်းတပ်တွေ ပူးပေါင်းထိုးစစ်ဆင်ခဲ့ပြီး နာရီဝက်အကြာ ည ၈ နာရီမှာပဲ အောင်မြင်စွာ သိမ်းပိုက်ခဲ့တယ်လို့ MNDAAက သတင်းထုတ်ပြန်ပါတယ်။
*******
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/2580
YouTube- > https://youtu.be/SpxIBpTYop8
Website – https://thanlwinkhet.net/?p=6416