မြောက်ဦးတွင် စပါးရိတ်သိမ်းနေသည့်လယ်သမားများအား စစ်ကောင်စီဗုံးကြဲ
********************************
မိခိုင်
နိုဝင်ဘာ ၂၆၊ ၂၀၂၃။
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ နတ်ချောင်းကျေးရွာတွင် စပါးရိတ်သိမ်းနေသည့် လယ်သမားများအား စစ်ကောင်စီက ယနေ့ နိုဝင်ဘာလ ၂၆ ရက် နေ့လယ် ၂ နာရီခန့်တွင် လေယာဥ်ဖြင့်ဗုံးကြဲခဲ့ကြောင်း သိရသည်။
နတ်ချောင်းကျေးရွာတွင် စပါးရိတ်သိမ်းနေသည့် လူ ၂၀ ဝန်းကျင်ကို စစ်ကောင်စီက ဗုံးကြဲခဲ့ကြောင်း စပါးရိတ်နေသည့် လူငယ် ၁ ဦး ကပြောသည်။
” စပါးရိတ်နေကြတဲ့ လူ ၂၀ လောက်ရှိတယ်။ အဲဒါကို လေယာဥ်နဲ့ပစ်တာ။ လူတွေအကုန်လုံးက အနီးအနားက ချောင်းတွေကို ပြေးဆင်းသွားလို့ လွတ်သွားတယ်။ ၁ ယောက်မှ ထိခိုက်ဒဏ်ရာတော့ မရဘူး။ လေယာဥ်ပေါ်ကနေပြီး စက်သေနတ်နဲ့ ပစ်တာ ” ဟု ၎င်းက ဆိုသည်။
လက်ရှိတွင် လယ်သမားများမှာ စပါးများစွန့်ပစ်ထားခဲ့ပြီး နေအိမ်သို့ပြန်လာခဲ့ပြီဖြစ်ကြောင်း လယ်ပိုင်ရှင် ၁ ဦးက ဆိုသည်။
” ကြောက်လို့ ပြန်လာကြပြီ။ ၁ ယောက်မှ မကျန်ခဲ့တော့ဘူး။ စပါးရိတ်နေတာကို ဘာလို့ ပစ်တာလဲ မသိဘူး ” ဟု ၎င်းကပြောသည်။
စစ်ကောင်စီလေယာဥ် ၂ စီးသည် မြောက်ဦးဘက်ကတဆင့် ပတ်လာခြင်းဖြစ်ကာ ပေါက်တောဘက်ဆင်းလာပြီး ပေါက်တောလယ်ကွင်းကိုလည်း ဗုံးကြဲခဲ့ကြောင်း ဒေသခံ ၁ ဦးက ပြောသည်။
” မနက် ၉ နာရီကလည်း ၁ ခေါက်ပစ်တယ်။ အခုလည်း ခဏခဏ ပစ်နေတယ်။ လယ်ကွက်တွေကို ပစ်သွားတယ်။ ဘာရည်ရွယ်ချက်နဲ့လည်း မသိဘူး” ဟု ပြောသည်။
ပေါက်တောမြို့တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်တို့ ပြီးခဲ့သည့် နိုဝင်ဘာလ ၂၁ ရက်ကစပြီး ယနေ့အထိ တိုက်ပွဲဖြစ်ပွားနေခြင်းလည်း ဖြစ်သည်။
ယမန်နေ့ နိုဝင်ဘာလ ၂၅ ရက်ကလည်း စစ်ကောင်စီရေတပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် ပေါက်တာမြို့၌ မီးလောင်ခဲ့သေးသည်။
စစ်ကောင်စီက ဓားစာခံအဖြစ်ဖမ်းဆီးထားသည့် ပေါက်တော ဒေသခံ ၂၀၀ ကျော်အား ရက္ခိုင့်တပ်တော်က ကယ်ထုတ်နိုင်ခဲ့ပြီး လက်ရှိတွင်လည်း ဓားစာခံများလွတ်မြောက်ရေးအတွက် ကြိုးပမ်းနေကြောင်း ယမန်နေ့ နိုဝင်ဘာလ ၂၅ ရက်က ရက္ခိုင့်တပ်တော်က ထုတ်ပြန်ထားသည်။
ပုံစာ – စစ်ကောင်စီက လေကြောင်းဖြင့်ဗုံးကြဲခဲ့သဖြင့် မီးလောင်နေသည်ကို တွေ့မြင်ရစဥ်။
ဓာတ်ပုံ – သံလွင်ခက်။
*******
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/2571
YouTube- > https://youtu.be/SpxIBpTYop8
Website – https://thanlwinkhet.net/?p=6411