ဖလမ်းမြို့နယ် သီးဘွာလ်တပ်စခန်းကို CNDF သိမ်းပိုက်ရရှိ
****************************
သံလွင်ခက်
နိုဝင်ဘာ ၁၅ ၊ ၂၀၂၃ ။
ချင်းပြည်နယ်မြောက်ပိုင်း၊ ဖလမ်းမြို့နယ်ထဲက စစ်ကောင်စီရဲ့ အခိုင်အမာတပ်စခန်းတစ်ခုဖြစ်တဲ့ သီးဘွာလ်တပ်စခန်းကို ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့CNDF က ယနေ့နံနက်အစောပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးဖြစ်တယ်လို့ CNDF တပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။
အဆိုပါတပ်စခန်းကို ယမန်နေ့ညနက်ပိုင်းကတည်းက CNDF တပ်က စီးနင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး စခန်းကို သိမ်းပိုက်ရရှိချိန် လက်နက်၊ ခဲယမ်းအမြောက်အများကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
” မနှစ်က ဒီအချိန်နိုဝင်ဘာလမှာပဲ သိမ်းပြီးတော့ မရလိုက်တဲ့ စခန်းလေ။ လေကြောင်းစစ်ကူတွေ အရမ်းလာပြီးတော့ လေယာဥ် ၇ စီးလောက် လာကာကွယ်ခဲ့တဲ့စခန်းပေါ့ ။ အခု သိမ်းရလိုက်တာ “လို့ CNDF တပ်ဖွဲ့ဝင်တွေနဲ့ နီးစပ်တဲ့ ဖလမ်းမြို့ခံတစ်ဦးက ပြောတယ်။
ဖလမ်းနဲ့ ရိဒ်ခေါဒါရ်ကြားမှာရှိတဲ့ သီးဘွာလ်စစ်ကောင်စီတပ်စခန်းကို မနှစ်က နိုဝင်ဘာလထဲမှာ CNDFက တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီဘက်က တိုက်လေယာဥ်နှစ်စီး၊ ရဟတ်ယာဥ် ၅စီးနဲ့ ပစ်ကူပေးပြီး အင်းအားတွေ ဖြည့်ပြီးတဲ့နောက် စခန်းကို မြေအောက်လိုင်ဂူတွေနဲ့ အခိုင်အမာတည်ဆောက် ခဲ့တာလို့ သိရပါတယ်။
လက်ရှိမှာ သီးဘွာလ်စခန်းကို CNDF က အပြီးသတ်သိမ်းပိုက်လိုက်နိုင်တဲ့ အခြေအနေနဲ့ပတ်သက်ပြီး စခန်းသိမ်းတိုက်ပွဲဆင်နွှဲချိန် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးတာ၊ ထွက်ပြေးတာတွေရှိပြီး စခန်းကိုလည်း မီးရှို့ဖျက်ဆီးလိုက်နိုင်ပြီ ဖြစ်တယ်လို့ CNDF နဲ့ နီးစပ်တဲ့ ဒေသခံတွေကပြောပါတယ်။
စခန်းသိမ်းတိုက်ပွဲအခြေအနေ အသေးစိတ်နဲ့ပတ်သက်ပြီး CNDF တာဝန်ရှိသူတွေဆီဆက်သွယ်ထားရာမှာ လတ်တလော ပြန်လည်ဖြေကြားတာမရှိသေးပေမယ့် စခန်းကို သိမ်းပိုက်ရရှိတာကို ဒေသခံမီဒီယာတချို့က CNDF တာဝန်ရှိသူတွေကို ကိုးကားပြီး ဖော်ပြထားပါတယ်။
ဖလမ်းမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းတွေကို ချင်းတော်လှန်ရေးတပ်တွေက အခုရက်ပိုင်းအတွင်း ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး အခုလနိုဝင်ဘာ ၁၃ ရက်မှာလည်း ဖလမ်းမြို့နယ်ထဲက ချင်းနဲ့ အိန္ဒိယနယ်စပ်မှာရှိတဲ့ ရိဒ်ခေါဒါရ် စစ်စခန်းနဲ့ တီအိုချောင်း စစ်ကောင်စခန်းတွေကို CNA နဲ့ CDF ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။
***
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/2437
YouTube- > https://youtu.be/SpxIBpTYop8
Website _> https://thanlwinkhet.net/?p=6254