တပ်ရင်းလိုက် ပြည်သူ့ရင်ခွင်ခိုလှုံလာသူများ ကျပ်သိန်း၂၀၀၀ ကျော်ဆုကြေးရ
*******************************
သံလွင်ခက်
နိုဝင်ဘာ ၁၄ ၊ ၂၀၂၃ ။
ရှမ်းပြည်နယ်မြောက်ပိုင်း၌ လက်ရှိဖော်ဆောင်နေသည့် စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်ရင်းလိုက် လက်နက်ချ၍ ပြည်သူ့ရင်ခိုလှုံလာသည်မှာ ဒုတိယအကြိမ်မြောက်ရှိလာပြီး ဆုကြေး ကျပ် သိန်း ၂၀၀၀ ကျော်ပေးအပ်ခဲ့သည်ဟု သိရသည်။
ကိုးကန့် အထူး (၁)၊ ရှီးရှမ်းဒေသ၊ မန်လော်ရွာအုပ်စု၊ ရန်ခွမ့်ရွာတွင် အခြေချတပ်ရင်းတစ်ခုဖြစ်သော ဒကစ (လောက်ကိုင်) လက်အောက်ခံ တပ်ရင်း ခမရ (၁၂၉) မှ ပြည်သူ့ရင်ခွင်ခိုလှုံလာသူများကို ကျပ်သိန်း ၁၃၉၄ သိန်း ဆုချီးမြှင့်ခဲ့သည်ဟု ညီနောင်မဟာမိတ်၃ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါတပ်ရင်းမှ တပ်ရင်းမှူး ဗိုလ်မှူး ကျော်ရဲအောင် ဦးဆောင်သည် တပ်ရင်းတစ်ရင်းလုံး နှင့် တပ်မိသားစုဝင်များအားလုံးကို ခေါ်ဆောင်ကာ ညီနောင်မဟာမိတ် (၃) ဖွဲ့ထံသို့ ဆက်သွယ်ပြီး နိုဝင်ဘာလ ၁၂ ရက်တွင် ပြည်သူ့ ရင်ခွင်အတွင်းသို့ ဝင်ရောက်လာခဲ့ကြသည်။
ထိုတပ်ရင်းမှ တပ်ဖွဲ့ဝင် တပ်ဖွဲ့ဝင် ၁၂၆ ဦးတို့အား တစ်ဦးလျှင်ကျပ် ၁၀ သိန်းစီနှင့် မိသားစုဝင် ၁၃၄ ဦးတို့ကို တစ်ဦးလျှင် ကျပ်တစ်သိန်းစီပေးအပ်ခဲ့ပြီး ၎င်းတို့သွားလိုရာနေရာများအသီးသီးသို့လည်း လုံခြုံစွာပို့ပေးထားခဲ့ပြီးဖြစ်သည်ဟု ညီနောင်မဟာမိတ် ၃ ဖွဲ့က ယနေ့တွင် သတင်းထုတ်ပြန်သည်။
စစ်ဘက်အရပ်ဘက် စုစုပေါင်း (၂၆၂) ဦးတို့၏ အသက်၊ အန္တရာယ်ကို ငဲ့ညာထောက်ထားသောအားဖြင့် တပ်ရင်း တစ်ရင်းလုံးကို ဦးဆောင်ခေါ်ယူနိုင်ခဲ့သော တပ်ရင်းမှူး ဗိုလ်မှူး ကျော်ရဲအောင်အား မိမိတို့ သာမက မြန်မာပြည်သူလူထုတစ်ရပ်လုံးမှလည်း ရဲရင့်သော သူရဲကောင်းတစ်ဦးအဖြစ် အမြဲတမ်း မှတ်တမ်းတင်ဂုဏ်ပြုကြမည်မှာ အမှန်ပင်ဖြစ်သည်ဟုလည်း ညီနောင်မဟညမိတ် ၃ဖွဲ့က ဂုဏ်ပြုထားသည်။
ရှမ်းပြည်နယ်မြောက်တွင် ပြီးခဲ့သည့် အောက်တိုဘာ၂၇ ရက်က စတင်ခဲ့သော ” ၁၀ ၂၇”စစ်ဆင်ရေးအတွင်း၌ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၀ ကျော်ထိ ပြည်သူ့ရင်ခွင်ခိုလှုံခဲ့ပြီးလည်း ဖြစ်သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ပြီးခဲ့သော အောက်တိုဘာလ ၃၀ ရက်တွင် ကွမ်းလုံမြို့နယ်တောင်ပိုင်းရှိ ကံမိုင်းဒေသ အခြေချတပ် (ရမခ) လက်အောက်ခံတပ်ရင်း၏ ခလရ (၁၄၃) မှ အင်အား ၄၁ ဦးရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် တပ်ရင်းတစ်ခုလုံး လက်နက်ချ အလင်းဝင်ခဲ့ရာ ကျပ်သိန်း ၇၀၀ ကျော်ပေးအပ်၍ လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်သည်ဟု MNDAAက ထုတ်ပြန်ထားသည်။