ရှမ်းပြည်မြောက်ပိုင်းတိုက်ပွဲများအတွင်းပိတ်မိနေသော ထိုင်းနိုင်ငံသားများကိုကယ်ထုတ်နိုင်ရန် ထိုင်းအစိုးရ ကြိုးပမ်းနေ
*****************
သံလွင်ခက်
နိုဝင်ဘာ ၃၊ ၂၀၂၃။
စစ်ကောင်စီနှင့် တိုင်းရင်းသားလက်နက်ကိုင်များအကြားဖြစ်ပွားနေသော ရှမ်းပြည်နယ်မြောက်ပိုင်းတိုက်ပွဲများ တွင် ထိုင်းနိုင်ငံသား ၁၆၂ ဦးပိတ်မိနေပြီး ၎င်းတို့အားကယ်တင်နိုင်ရန် ထိုင်းအစိုးရကကြိုးပမ်းဆောင်ရွက်နေ ကြောင်း ထိုင်းနိုင်ငံတာဝန်ရှိသူများက ယနေ့ နိုဝင်ဘာ ၃ရက်တွင် ပြောကြားသည်။
ပြီးခဲ့သော အောက်တိုဘာ ၇ ရက်က အစ္စရေးနိုင်ငံတောင်ပိုင်းကို ဟားမတ်စ်စစ်သွေးကြွများကတိုက်ခိုက်ခဲ့သည့် အတွက် ထိုင်းနိုင်ငံသား အနည်းဆုံး ၃၀ ဦးသေဆုံးခဲ့သည်။ ထို့ကြောင့်လည်း မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ပဋိပက္ခများအတွင်း ထိုင်းနိုင်ငံသားများ ထိခိုက်သေဆုံးမှုများဖြစ်ပေါ်မလာစေရန် ထိုင်းအစိုးရအနေဖြင့် ကြိုးစားနေသည်ဟု Bangkok Post တွင်ဖော်ပြထားသည်။
တိုင်းရင်းသားလက်နက်ကိုင်များက မိမိတို့ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် ပြီးခဲ့သောရက်သတ္တပတ်ကစပြီး ရှမ်း ပြည်နယ်မြောက်ပိုင်းတွင် “1027” စစ်ဆင်ရေးစတင်ခဲ့ပြီး တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်နှင့် နယ်နိမိတ်ချင်းထိစပ် နေသော ချင်းရွှေဟော်မြို့အပါအဝင် မြို့ ၄ မြို့ ကို လက်လွတ်လိုက်ရပြီဖြစ်ကြောင်း စစ်ကောင်စီကလည်း ဝန်ခံထားသည်။
နှစ်ဘက်စစ်ပွဲများကြောင့် လူပေါင်း ၂၃,၀၀၀ ကျော် အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရကြောင်း ကုလသမဂ္ဂ၏ ယနေ့ နိုဝင်ဘာ ၃ ရက်ထုတ်ပြန်ချက်တွင်ဖော်ပြထားပြီး တရုတ်နိုင်ငံထဲထွက်ပြေးသူ ထောင်ချီရှိနေကြောင်း ပြည်တွင်းမီဒီယာများတွင်လည်း ဖော်ပြနေကြသည်။
တရုတ်မီဒီယာများ၏ဖော်ပြချက်အရ စစ်ဘေးဒုက္ခသည်များသည် တရုတ်နိုင်ငံတွင်းဝင်ရောက်နိုင်ရန် တန်းစီစောင့် ဆိုင်းနေကြပြီး ပဋိပက္ခများပိုမိုပြင်းထန်လာပါက အနီးဝန်းကျင်ရှိ တရုတ်နိုင်ငံ၏မြို့များကို ဝင်ရောက်ရန်အသင့် ပြင်ထားကြသည်ဟု သိရသည်။
နယ်စပ်တည်ငြိမ်အေးချမ်းရန်အတွက် ချက်ချင်းအပစ်အခတ်ရပ်စဲရန်နှင့် ဆွေးနွေးပွဲများကျင်းပကြရန် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက သက်ဆိုင်ရာအဖွဲ့အစည်းများကို ပြီးခဲ့သောကြာသပတေးနေ့တွင် တိုက်တွန်းခဲ့သည်။
တိုက်ပွဲများအတွင်းပိတ်မိနေသော ထိုင်းနိုင်ငံသား ၁၆၂ ဦးကိုကယ်တင်နိုင်ရန်အတွက် အာဏာပိုင်များနှင့်ပူးပေါင်း ဆောင်ရွက်ရန် မြန်မာနိုင်ငံရှိသံရုံးကို ထိုင်းနိုင်ငံဝန်ကြီးချုပ်က ပြောကြားခဲ့ပြီး တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံသား များအပြင် အခြားနိုင်ငံသားများလည်း ပိတ်မိနေကြောင်းကိုပါ ဖြည့်စွက်ပြောကြားခဲ့သည်။
ယနေ့ကျင်းပခဲ့သောသတင်းစာရှင်းလင်းပွဲတွင် ထိုင်းနိုင်ငံ၏ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံသို့ရောက်ရှိနေသော ထိုင်းနိုင်ငံသားများသည် မည်ကဲ့သို့သောအလုပ်များလုပ်ကိုင်နေသည်ကို မသိရ သေးကြောင်း ပြောဆိုခဲ့သည်။
Ref: Bangkok Post, The Straits Times
Photo: AFP
ပုံစာ – လားရှိုးမြို့တွင် စစ်ကောင်စီကပစ်ခတ်ခဲ့သည် ဒုံးကျည်။
*********
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/2300
YouTube- > https://youtu.be/SpxIBpTYop8
Website -> https://thanlwinkhet.net/?p=6057